
စက်တင်ဘာလ ၂၁ရက်နဲ့ ၂၂ရက်နေ့နှစ်ရက်ဆက်တိုက် ကရင်နီအမျိုးသား ကောလိပ်ကျောင်းနဲ့ အထက်တန်းကျောင်းတို့မှာ ရိုးရာအစဉ်အလာ ဒီးကူပွဲတော်အခန်းအနားတွေကျင်းပ ပြုလုပ်ခဲ့ကြပါတယ်။ အဆိုပါအခမ်းအနားကို ကရင်နီစာပေနှင့်ယဉ်ကျေးမှုဌာန ၀န်ကြီး ခူးဘိုးရယ်မှ ဒီးကူပွဲဖြစ်ပေါ်လာရတဲ့အကြောင်းအရင်းနဲ့ပါတသက်ပြီး တက်ရောက်ဟောပြောခဲ့ပါတယ်။
“ ဒီးကူဆိုတာက ဟို့ရှေးခေတ်က ကျနော်တို့မှာ အိုးခွက်ပန်းကန်ဆိုတာ မရှိခဲ့ဘူးလို့ အဲ့လိုရေးထားပါတယ်။ မရှိဖူးတော့ ခုနပြောတဲ့ သစ်ရွက်နဲ့ပဲဆန်ကိုထုပ်ပြီးတော့မှချက်စားတဲ့အလေ့ အထရှိတာပေါ့လေ။ အဲ့ဒါလုပ်ရင်းနဲ့(ယွန်း)ကိုတိုက်တဲ့ အချိန်မှာ (ယွန်း)တွေဆောင်ထားတဲ့ (ခေါက်ပုတ်)ကိုသွားတွေ့တော့ ငါတို့လဲဒီလိုအလားတူပြောင်းပြီးမှ လုပ်မယ်ဆိုပြီးတော့မှ ဆန်ကိုရိုးရိုးဆန်မဟုတ်တော့ပဲနဲ့ ကောက်ညှင်းထုပ်ပြီးတော့ ကျနော်တို့ ဒီးကူသဏ္ဍာန်လုပ်ပြီးထုပ်ပြီးပြန်ချက် တစ်ပတ် နှစ်ပတ်အထိခံတယ် မတိုးဘူးပြန်စားလို့ရတယ် ခြောက်သွားရင်လည်း မီးပြန်ကင်ပြီးပြန်စားလို့ရတယ် အဲ့ဒီအသိ တွေဝင်လာတော့ ကျနော်တို့ ဒီးကူဆိုတဲ့ဟာက ခုနကပြောတဲ့ယွန်းကိုတိုက်ထုတ်တဲ့ အချိန်မှာတကယ်ကိုအသုံးပြုတဲ့ ရိက္ခာတစ်ခုအနေနဲ့ ဒီးကူပွဲဆိုတာတင်စားပြီးတော့မှလုပ်ရတဲ့ ပွဲတစ်ပွဲလို့ပဲ သမိုင်းထဲမှာတွေ့ပါတတယ်။” လို့ ၀န်ကြီး ခူးဘိုးရယ်က ကျောင်းသား/သူတွေကို ပြောပြခဲ့ပါတယ်။
ဒွေးမယ်နော်ခေါ် နတ်သမီးတွေအုပ်ချုပ်တဲ့အတွက် ရှေးကရင်နီလူမျိုးတွေက ကရင်နီပြည်ကို ဒွေးမယ်နော် ငွေတောင်ပြည်လို့ ခေါ်ဆိုကြပါတယ်။ လွန်ခဲ့တဲ့ BC ၇၃၉ လောက်မှာ ငွေတောင်ပြည်ကို မြောက်အရပ်ကနေ၀င်လာတဲ့ ယွန်းလူမျိုးဆိုသူတို့က ၀င်ရောက်သိမ်းပိုက်ပြီး ကရင်နီလူမျိုးတို့ကို နှစ်ပေါင်း (၁၀၀)တိုင် ကျွန်အဖြစ်အုပ်ချုပ်စေခဲ့ပါတယ်။
ကရင်နီလူမျိုးတွေဟာ ကျွန်ဘ၀အဖြစ်ကနေလွတ်မြောက်ဖို့ ယွန်းတွေကိုတိုက်ထုတ်ရန် စစ်ပွဲတွေစတင်ခဲ့ကြရပါတယ်။ ယွန်းတို့က ကောက်ညှင်းကို ကြာရှည်ခံနိုင်အောင် ခေါပုပ်သဖွယ်ပြုပြီး ခမောက်အောက်တွင် ဆောင်းထားကြရာ စစ်မြေပြင်မှာ နေ့ရောညပါစစ်တိုက်ရာတွင် ရိက္ခာပြဿနာ မပေါ်ခဲ့ကြပေ။
အဲဒီအချက်ကိုအတုယူ၍ ကရင်နီတို့လည်း ဒီးကူခေါ် ကိုင်းပင်တစ်မျိုးနဲ့ ကောက်ညှင်းဆန်ကို ထုပ်ပြီး ဒီးကူကောက်ညှင်းထုပ်ပြုလုပ်ခဲ့ကြရာ ခုနှစ်ရက်အထိ အထားခံပါတယ်။ နေ့ရက် ကြာရှည်ခံတဲ့ ဒီးကူထုပ်နဲ့စစ်မြေပြင်မှာ ရိက္ခာပြဿနာကို ဖြေရှင်းနိုင်ခဲ့ကြတဲ့ ကရင်နီမျိုးနွယ်စုတွေဟာ ယွန်းလူမျိုးတွေကို ငွေတောင်ပြည်ကနေ ဆုတ်ခွာသွားတဲ့အထိ တိုက်ထုတ်နိုင်ခဲ့ကြပါတယ်။
ယွန်းလူမျိုးတွေကို တိုက်ထုတ်နိုင်ခဲ့တဲ့ အချိန်ဟာ အခုလို မိုးရာသီအချိန်မှာဖြစ်တဲ့အတွက် စက်တင်ဘာနဲ့ အောက်တိုဘာလတွေထဲမှာ “ကျွန်ဘ၀ကနေ လွတ်မြောက်တဲ့ အထိမ်းအမှတ်” အနေနဲ့ ဒီးကူပွဲခေါ် ကောက်ညှင်းထုပ်ပွဲကို နှစ်စဉ်နဲ့အမျှ ကျေးရွာတိုင်းလိုလိုက သူ့ရွာနဲ့သူ ကြက်ရိုးထိုးပြီး ပွဲကျင်းပဖို့ရက်တွေ သတ်မှတ်လာခဲ့ကြတာပါ။ ဒီးကူပွဲကို ၃ ရက်ကျင်းပပြုလုပ်ရပါတယ်။ တရွာနဲ့တရွာ အပြန်အလှန် လည်ပတ်ပြီး ကခုန်ပျော်မြူးကြရတဲ့အတွက် စက်တင်ဘာနဲ့ အောက်တိုဘာ၂ လ အတွင်းဆို ကရင်နီပြည်မှာ ဒူးကူပွဲကျင်းပတဲ့အချိန်ဘဲ ဖြစ်ပါတယ်။
ဒီးကူပွဲအကြောင်းနဲ့ပါတ်သက်ပြီး ကွယ်လွန်သူ ကရင်နီအမျိုးသားခေါင်းဆောင် ဆရာကြီးထဲဘူးဖဲ ရေးသားပြုစုခဲ့တဲ့ ကရင်နီလူမှုအဆောက်အအုံ စာအုပ်ထဲတွင် ရေးသားပြုစုထားခဲ့တဲ့ အချက်အလက်အရ နှောက်ခံအကြောင်းအချို့ကို ဖေါ်ပြပေးခြင်းဖြစ်ပါတယ်။
Photo- KnIC