ဖရူဆိုတွင် စစ်ရေးလေ့ကျင့် ချီတက်မည့်အပေါ် ဒေသခံများစိုးရိမ်

Spread the love
ချီတက်စစ်ရေးလေ့ကျင့်မည့်အကြောင်း သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးထံသို့ အသိပေးစာကိုတွေ့ ရစဉ်

ကရင်နီပြည် (ကယား) ဖရူဆိုမြို့ နယ်တွင် အမှတ် (၁၄) တပ်မတော် တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းမှ (၁၀) မိုင်မနားတမ်းလမ်းလျှောက်ချီတက်လေ့ကျင့်မည့်အပေါ် ဒေသခံများအကြားစိုးရိမ်မှုများဖြစ်ပေါ်နေကြောင်းသိရသည်။ ချီတက်မည့်လမ်းကြောင်းသည် ကျေးရွာများကို ဖြတ်သန်းသွားမည်ဖြစ်သောကြောင့် ကျေးရွာလူထုအကြား တိုက်ပွဲပြန်ဖြစ်လာမှာကို စိုးရိမ်မှုများရှိသလို ချီတက်မည့်လမ်းကြောင်းရှိ တောင်ယာနှင့် စိုက်ခင်းများရှိသီးနှံများ ပျက်စီးပျောက်ပျက်မှာစိုးရိမ်ကြောင်းလောဂျာရွာ ဒေသခံတစ်ဦးက KnIC သို့ ပြောသည်။


“ အခုလိုသူတို့ ကလေ့ကျင့်မယ်ဆိုတော့ ရွာသားတွေကစိုးရိမ်တယ်လေ၊ တိုက်ပွဲတွေများ ပြန်ဖြစ်မလားပေါ့၊ ပြီးတော့ သူတို့ က ရွာတွေတောင်ယာစိုက်ခင်းတွေဖြတ်မယ်ဆိုတော့ အဲ့မှာ စိုက်ထားတဲ့သီးနှံတွေ ဟို … ဖရုံသီး၊ သခွားသီးတို့ ဘာတို့ ပေါ့ အဲ့တာ သူတို့ ခူးသွားမှာ၊ ခူးစားမှာလဲစိုးရိမ်ရတယ် “ ဟုဆိုသည်။

အမှတ် (၁၄ ) တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းသည် ကျေးရွာများအကြားတွင်တည်ရှိပြီး လက်နက်ကြီးလက်နက်ငယ် ပစ်ခတ်သည့် လေ့ကျင်းခန်းများကို မကြာခဏ ပြုလုပ်သည့်အတွက် ဒေသခံအကြား အမြဲထိတ်လန့် စိုးရိမ်နေရသည့်အတွက် ကျေးရွာများအကြား စစ်လေ့ကျင့်ရေးကျောင်းတည်ဆောက်ထားတာကို ပြန်လည် ရုပ်သိမ်းပေးဖို့  သက်ဆိုရာအစိုးရကိုတောင်းဆိုခဲ့ပေမဲ့ ယခုအချိန်ထိအခြေအနေမထူးသေးဟု ဖရူဆိုမြို့ နယ်မံဆန္ဒနယ် ပြည်နယ်လွတ်တော်အမတ် ခူသဲရယ်က ဆိုသည်။

“ ဒီ လေ့ကျင့်ရေးကျောင်းက လောဂျာ၊လောခုခူ၊ ဒေါလောခူနဲ့  ထီးဗျားညီး ရွာတွေကြားမှာ ရှိနေတာ့ စစ်ရေးလေ့ကျင့်တဲ့အချိန် လက်နက်ကြီးလက်နက်ငယ်တွေပစ်ရင် ရွာသားတွေက ထိတ်လန့် ကြတယ်၊ ဒီကျောင်းရှိလာတော့ လူ့ အခွင့်အရေးချိုးဖောက်မှုတွေလဲဖြစ်လာတယ်၊ မြေတွေအသိမ်းခံရတော့ ဒေသခံတွေကြားမှာလဲ မြေယာပြသနာ စားဝတ်နေရေးပြသနာတွေအများကြီးဖြစ်လာတယ်၊ ဒီကျောင်းကို ဖျက်သိမ်းပေးဖို့  ဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက စာအကြိမ်ကြိမ်ရေးပြီးတောင်းဆိုခဲ့တယ်၊ အခု NLD အစိုးရလက်ထက်ရောက်လာတဲ့အထိ ဘာမှမထူးသေးဘူး “ ဟု ပြောသည်။

ဖရူဆိုမြို့ နယ်တွင်အမှတ် (၁၄) တန်းမြှင့် စစ်လေ့ကျင့်ရေးကျောင်းဆောက်ဖို့  ၂၀၁၀ ခုနှစ်ကစပြီး မြေဧက ၂၀၀၀ ကျော်ကို စစ်အစိုးရမှသိမ်းဆည်းခဲ့သည်။ ဒေသခံများ ၊ အရပ်ဘက်အဖွဲ့ အစည်းများကန့် ကွက်သည့်ကြားမှ လေ့ကျင့်ရေးကျောင်းကို တည်ဆောက်ခဲ့ပြီး လက်ရှိအချိန်တွင် စစ်ရေးလေ့ကျင့်မှုများ စဉ်ဆက်မပြတ်ပြုလုပ်လျှက်ရှိသည်ဟုသိရသည်။

(၁၀) မိုင်မနားတမ်း လမ်းလျှောက်လက်တွေ့  လေ့ကျင့်ခြင်းကို မနက်ဖန် (၁၃.၁၀.၂၀၁၈) တွင် ပြုလုပ်သွားမည်ဖြစ်ပြီး ချီတက်သည့်လမ်းကြောင်းတွင် ဒေါဗျာကူး၊ ထီးဗျားညီ၊ ဒေါလောခူ စသည့်ရွာများကို ဖြတ်သန်းသွားမည်ဖြစ်သည်ဟုသိရသည်။ ချီတက်လေ့ကျင့်မည့်ကိစ္စနှင့်ပတ်သက်ပြီး သက်ဆိုင်ရာနယ်မြေတာဝန်ရှိသူများမှ တစ်ဆင့် ဒေသခံရွာသားများကို အသိပေးထားဖို့  အမှတ် (၁၄) တန်းမြှင့် စစ်လေ့ကျင့်ရေးကျောင်းမှ တာဝန်ရှိသူများက အကြောင်းကြားထားကြောင်းလည်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *