KNPP မမှားခဲ့ပါ …..

Spread the love

ပြီးခဲ့တဲ့ ၂၀ ရက်နေ့  ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ထိန်းချုပ်ရာဒေသ အမှတ် (၂) ခရိုင်၊ ဖားဆောင်းမြို့ နယ်အတွင်းက နန်းကစ်နှင့် ဘဟန်းလော့ရွာကြားမှာ ဖြစ်ခဲ့တဲ့ ပစ်ခတ်မှုဟာ KNPP ဘက်က စတင်ပစ်ခတ်လို့  KNPP ဘက်ကမှားပါတယ်ဆိုပြီး လူမှုကွန်ယက်စာမျက်နှာ (Facebook) မှာရေးကြ ရှဲကြတာတွေကိုတွေ့ ရပါတယ်။ ဆိုတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး အများပြည်သူအမြင်ရှင်းအောင်ပြန်ပြီး ရှင်းလင်းဖို့ လိုအပ်တယ်လို့ ယူဆတဲ့အတွက် ဒီစာကိုရေးလိုက်ရတာပါ။

ပထမအချက်အနေနဲ့  ခမရ (၄၂၈) တပ်ဟာ ၂၀၁၃ ခု ဇွန်လ ၂၀ မှာ ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့  နှင့် KNPP တို့ ဒုတိယအကြိမ်ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲမှာ တပ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တဲ့သဘောတူညီချက်ကို ချိုးဖောက်တာပါဘဲ။ အဲ့ဆွေးနွေးပွဲမှာ တပ်ပိုင်းဆိုင်ရာကိစ္စကို တံခါးပိတ်ဆွေးနွေးခဲ့ကြတာဖြစ်ပြီး စစ်ဘက်ဆိုင်ရာကိစ္စရပ်ဖြစ်တဲ့အတွက် အများသိအောင်မထုတ်ပြန်ဘဲ နှစ်ဘက်မှတ်တမ်းအနေနဲ့ ထားရှိခဲ့ကြပါတယ်။

သဘောတူညီချက်ထဲမှာ နှစ်ဘက်တပ် သွားလာလှုပ်ရှားမယ်ဆိုရင် ပုံမှန်လမ်းကြောင်းအသုံးပြုဖို့ ၊ သွားလာလှုပ်ရှားဖို့ ရှိမယ်ဆို အနည်းဆုံးသုံးရက်ကြိုအကြောင်းကြားဖို့ သဘောတူညီချက်မှာပါရှိခဲ့ပါတယ်။

ခမရ (၄၂၈) အနေနဲ့ ဒီဖြစ်စဉ်မတိုင်ခင် သွားလာလှုပ်ရှားဖို့ ရှိတယ်ဆိုတာကို သဘောတူညီချက်အရ KNPP ကို အကြောင်းကြားတာမရှိခဲ့ပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ခမရ (၄၂၈) ဒု – တပ်ရင်းမှူးကို KNPP ဘက်က ဆက်သွယ်မေးမြန်းတော့ ပြည်ထောင်စုနယ်မြေအတွင်းမှာ သူကြိုက်တဲ့နေရာ၊ သွားချင်တဲ့နေရာသွားလို့ ရတယ်၊ ဘယ်သူမှအကြောင်းကြားစရာမလိုဘူးဆိုတဲ့ တုန့် ပြန်ချက်ဟာ သဘောတူညီချက်ကို ပြောင်ပြောင်တင်းတင်းချိုးဖောက်လိုက်တာပါ။

ဒုတိယအချက်အနေနဲ့  ခမရ (၄၂၈) အောက်တိုဘာလ ၁၈ ရက်နေ့ မှာ နန်းကစ်နဲ့ ဘဟန်းလော့ရွာကြားမှာရှိတဲ့ နှမ်းခင်းလုပ်နေတဲ့ ရွာသားနှစ်ယောက်ကို ဖမ်းပြီးလမ်းပြအဖြစ်ခိုင်းစေခဲ့တာပါ။ ဒါဟာ အာဏာအလွဲသုံးစားလုပ်ပြီး ပြည်သူတွေကို ညှဉ်းပမ်းနှိပ်စက်ရာရောက်သလို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြောနေတဲ့ တပ်မတော်ကို Standard Army ဖြစ်အောင်လုပ်မယ်ဆိုတဲ့ အချက်ကို လှောင်သလိုဖြစ်လို့ နေပါတယ်။

နောက်တစ်ချက်အနေနဲ့ ကတော့ နယ်မြေရှင်းလင်းမယ်ဆိုပြီး အဲ့ဒေသထဲကို ပုံမှန်မဟုတ်တဲ့လမ်းကြောင်းကနေသွားတာပါဘဲ။ သဘောတူညီချက်ထဲမှာ နှစ်ဦးနှစ်ဘက် တပ်တွေသွားလာမယ်ဆို ပုံမှန်လမ်းကြောင်းသုံးဖို့ ဆိုတာပါပါတယ်။

အခုဖြစ်သွားတာက သဘောတူညီချက်အတိုင်း ကြိုတင်အကြောင်းလဲမကြား၊ ဒေသခံရွာသားတွေကိုလဲဖမ်းဆီးခေါ်ဆောင်၊ ပုံမှန်မဟုတ်တဲ့ လမ်းကြောင်းကိုလဲသုံးဆိုတော့ ကရင်နီတပ်မတော် (KA) ဘက်က စပြီးပစ်ခတ်တာဟာလွန်ပါသလား။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ထဲ ရှားတောသွားတဲ့လမ်းဘက်မှာ KNPP ရဲဘော် သုံးယောက် အသတ်ခံခဲ့ရတဲ့ဖြစ်စဉ်ရှိခဲ့တာကိုး။

KNPP အနေနဲ့ ကတော့ ဒီပစ်ခတ်မှုကို သူတို့ အနေနဲ့  တိုက်ပွဲဖော်တာမျိုးမဟုတ်ဘဲ သတိပေးခြောက်လှန့် ပစ်ခတ်ရုံလောက်လုပ်ခဲ့တယ်လို့ ပြောပါတယ်။ အမှန်ပါ။ ပစ်ခတ်မှုက တစ်မိနစ် ဝန်းကျင်ဘဲကြာခဲ့တာပါ။ ရည်ရွယ်ချက်ရှိရှိသာ တိုက်ခိုက်ခဲ့မယ်ဆိုရင် ထိခိုက်မှုတွေ ရှိခဲ့ကြမှာ မလွဲမသွေပါ။

ပြန်ချုပ်လိုက်မယ်ဆိုရင်တော့ ဒီပစ်ခတ်မှုဖြစ်စဉ်ဖြစ်ရတာဟာ ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲက တပ်ပိုင်းဆိုင်ရာသဘောတူညီချက်ကို ခမရ (၄၂၈) က ချိုးဖောက်ခဲ့တဲ့အတွက် ဖြစ်စဉ်ဖြစ်ပွားခဲ့ရတာပါ။ ရေရှည်တည်တံ့ခိုင်မြဲတဲ့ငြိမ်းချမ်းရေးကိုလိုလားမယ်ဆိုရင်တော့ နှစ်ဦးနှစ်ဘက်သဘောတူညီထားတဲ့အချက်ကို တိတိကျကျလိုက်နာဖို့ လိုအပ်သလို လိုက်ပါကျင့်သုံးဖို့ လိုအပ်ပါလိမ့်မယ်။
KNPP မမှားခဲ့ပါ။

စောညို

Leave a Reply

Your email address will not be published. Required fields are marked *