ရေများများလောင်းပါ၊ ကြိုက်တာလုပ်ပါ

Spread the love

“ ကျနော်သိသလောက်ကတော့ ဒီဒိုင်တွေက သက်ဆိုင်ရာကို ပိုက်ဆံပေးပြီးဂိမ်းဖွင့်ထားတာ၊ ကျနော့် ဘောစိ (ဂိမ်းဒိုင်ကိုဆိုလိုသည်) ကတော့ တရုတ်၊ သူကဗမာစကားတောင်ကောင်းကောင်းမတတ်ဘူး၊ ဒါပေမဲ့ အခုလိုလုပ်ဖို့ ကြားကနေတစ်ယောက်က ရဲတွေကိုညှိပေးတယ်၊ လိုင်းကြေးပေးဖို့ ပေါ့၊ အဲ့လောက်ဘဲကျနော်သိရတယ်”

ဘခက်​ (​ငွေ​တောင်​ပြည်​) ​ရေးသားသည်

“ ဒီရပ်ကွက်မှာ ငါးဂိမ်းဖွင့်တာအတော်ကြာပြီ၊ ညညဆို ဂိမ်းဆော့တဲ့အသံတွေသီချင်းသံတွေနဲ့  ပတ်ဝန်းကျင်ကို အတော်စိတ်အနှောင့်အယှက်ပေးတယ်၊ ညသန်းခေါင်ဆို ဂိမ်းရုံမှာ ယောကျာင်္းကိုလာရှာရင်းလင်မယားစကားများကြတာလည်း ခဏခဏဘဲ” ဟု လွိုင်ကော်မြို့ ၊ ပန်ကန်းကျေးရွာအုပ်စု စိုက်ကွင်း (၃) ကျေးရွာမှာနေထိုင်တဲ့ မအိ က သူမမကြာခဏကြုံတွေ့ နေရတဲ့အဖြစ်အပျက်ကိုပြောပြသည်။

လွိုင်ကော်မြို့ ပန်ကန်းကျေးရွာအုပ်စုထဲက စိုက်ကွင်း (၃) ဆိုကျေးရွာထဲက ငါးဂိမ်းကို ပေါ်ပေါ်ထင်ထင်ဖွင့်လှစ်နေတာ လအတော်ကြာပြီဖြစ်သည်။ ဂိမ်းရုံထဲကဆူညံသံတွေ သီချင်းသံတွေက ပတ်ဝန်းကျင်ကို အနှောင့်အယှက်ပေးနေတာ၊ စိတ်ညစ်စိတ်ပျက်စေတာလဲကြာခဲ့ပြီ။ ဖွင့်ထားတဲ့ပိုင်ရှင်ကတော့ ဗမာစကားမတတ်တဲ့ တရုတ်လူမျိုးဖြစ်ကြောင်း ဒေသခံတွေကပြောသည်။ ရွာထဲမှာနေထိုင်နေတဲ့သူတွေက ဂိမ်းဖွင့်နေသူတွေကို သွားရောက်ပြောဆိုတာမျိုးရှိခဲ့ပေမယ့် သက်ဆိုင်ရာကို တရားဝင်လိုင်းကြေးပေးပြီးလုပ်ထားတာကွ ဆိုပြီးမာမာထန်ထန်တုန့် ပြန်မှုမျိုးကို ကြုံတွေ့ နေရသလို မင်းတို့ တိုင်ရဲရင်တိုင်ကြည့်တွေ့ မယ် ဟူသော သဘောသက်ရောက်သည့် တုန့် ပြန်မှုမျိုးကိုလည်းကြုံကြရသည်။

ငါးဂိမ်းရုံထဲတွင် အချိန်အခါမဟုတ် လင်မယားရန်ပွဲများ၊ ဆဲဆိုအော်ဟစ်သံများက ပတ်ဝန်းကျင်ကိုမကြာခဏ အနှောင့်အယှက်ပေးနေမြဲဖြစ်ပေမဲ့ ဂိမ်းရုံကတော့ လည်ပတ်နေမြဲလည်ပတ်နေဆဲ၊ အရေးယူမှုတစုံတရာအခုချိန်ထိမရှိ။

လွိုင်ကော်မြို့ ရဲ့ လူသိများတဲ့ မြကလပ်တောင်ဘုရား ခြေရင်းနှင့်မလှမ်းမကမ်းမှာ ရှိနေတဲ့ KTV ။ ညဘက်တွင်လူတွေကြိတ်ကြိတ်နှင့်စည်ကားနေသည်မှာလအတော်ကြာခဲ့ပြီ။ KTV စက်တွေကောင်းလို့ များလား၊ KTV ကောင်မလေးတွေချောလို့ များလား၊ လူတွေအတော်စည်ကားနေကြသည်။ တကယ်တော့ KTV သာမဟုတ်ဘဲ ဂျင်ဝိုင်းပါထောင်ထားခြင်းကြောင့် လူစည်နေကြခြင်းဖြစ်သည်။ ပိုင်ရှင်ကတော့ တိုင်းရင်းသားအမည်ခံအပစ်ရပ်အဖွဲ့ မှခေါင်းဆောင်ဆိုသူတစ်ဦးကပိုင်ခြင်းဖြစ်သည်။ အဲ့ဒီဂျင်ဝိုင်းကြောင့်လည်း လူမှုရေးပြသနာတွေမကြာခဏတက်ကြသည်။ ဆိုင်ကယ်ပေါင်တာ၊ ကားပေါင်တာတွေအထိဖြစ်နေကြသလို၊ သူများပိုင်ပစ္စည်းကို ခဏဆိုပြီးယူသွား၊ ဂျင်ဝိုင်းမှာပေါင်ခဲ့တာတွေက ဖြစ်လေ့ဖြစ်ထရှိနေပြီတောင်ဖြစ်သည်။ ဒီဂျင်ဝိုင်းကလည်း သူ့ အထားနှင့်သူ လည်နေမြဲပတ်နေမြဲ။

ပြည်သူကရွေးကောက်တင်မြောက်လိုက်တဲ့ NLD အစိုးရတက်လာပြီးနောက် ပြည်နယ်အတွင်းလောင်းစကားပပျောက်ရေးကို ဦးစားပေးတစ်ခုအနေနဲ့ ဆောင်ရွက်မည်ဟု စကြွေးကြော်ခဲ့ကြစဉ်က အားလုံးကပျော်ကြသည်။ အားရကြသည်။ ငါတို့  တင်မြှောက်လိုက်တဲ့ အစိုးရကွဆိုပြီး ချီးကျူးကြသည်။ အစပိုင်းကတော့ ဟုတ်မလိုလို၊ နောက်ပိုင်းတော့အဖျားရှူးသွားသည်။ လောင်းကစားတွေဝိုင်း တွေ ကြိတ်ကြိတ်တစ်မျိုး၊ ပေါ်တင်တစ်မျိုး တစ်ခုပြီးတစ်ခုပေါ်လာသည်။ လောင်းကစားဝိုင်းကြောင့် လူမှုရေးပြနာတွေတစ်သီတစ်တန်းကြီး နောက်ဆက်တွဲဆိုးကျိုးအနေနှင့် ထွက်ပေါ်လာကြသည်။ မိသားစုတွေကြား စိတ်ပျက်စရာ၊ စိတ်ဝမ်းကွဲစရာပြသနာများ အများကြီးဖြစ်လာသည်။ ဒီလိုပြသနာတွေကြားထဲမှာ ဒိုင်ကိုင်သူဆိုသူတွေကတော့ လက်မထောင်မြဲ။ ဘယ်သူသေသေငတေကတော့မာမြဲသာမြဲပင်။

ပြည်နယ်ထဲမှာ အခုလိုလောင်းကစားဝိုင်းတွေရှိတာကို နယ်မြေတာဝန်ရှိရဲတပ်ဖွဲ့ တွေအနေနှင့် မသိရှိရပါဘူး ဟုပြောမည်ဆိုလျှင် ဒီစကားဟာ ဒီနိုင်ငံရဲ့ အကောင်းဆုံးပြက်လုံးထဲက တစ်ခုဖြစ်မည်ဟုပြောရမည်ဖြစ်သည်။ လောင်းကစားဝိုင်းဒိုင်ကိုင်သူတွေအနေဖြင့် ယခုလို ကစားဝိုင်းကို အနှောင့်အယှက်ကင်းကင်းလုပ်နေနိုင်တာ ဘာကြောင့်လဲဆိုတဲ့မေးခွန်းအတွက် အဖြေကတော့ ရိုးရိုးရှင်းရှင်းလေးပါ။ သက်ဆိုင်ရာတာဝန်ရှိသူကိုယ်တိုင်က အခုလိုကိစ္စမျိုးကို ခွင့်ပြုထားခြင်းကြောင့်ဖြစ်သည်။ အမည်မဖော်လိုတဲ့ တိုင်းရင်းသားအပစ်ရပ်အဖွဲ့ တစ်ဖွဲ့ က တာဝန်ရှိသူတစ်ယောက်က “ ဒီကိစ္စကို ကျနော်တို့  မသိတာမဟုတ်ဘူး၊ သိနေတာကြာပြီ၊ တစ်ချို့ ပြည်သူတွေ ကျနော်တို့ ကိုလာတိုင်တာရှိတယ်၊ အထူးသဖြင့် လောင်းကစားဝိုင်းသွားကစားနေသူတွေရဲ့ မိသားစုဝင်တွေပေါ့၊ သူတို့ မှာ မိသားစုတွင်းပြသနာတွေအဲ့လောင်းကစားကြောင့်အများကြီးရှိလာတယ်လို့ ပြောတယ်၊ ခက်တာက ဒီကိစ္စမှာ ဒိုင်လုပ်တဲ့သူတွေက လိုင်းကြေးပေးပြီးတရားဝင်လုပ်နေတယ်ပြောတော့ ကျနော်တို့ လည်းဘာမှမလုပ်ပေးနိုင်ဘူး” ဟုဆိုသည်။

ငါးဂိမ်းဒိုင်တွင် အကူသဘောမျိုး အလုပ်လုပ်ပေးနေသည့် ကိုစိုးကြီးကတော့ “ ကျနော်သိသလောက်ကတော့ ဒီဒိုင်တွေက သက်ဆိုင်ရာကို ပိုက်ဆံပေးပြီးဂိမ်းဖွင့်ထားတာ၊ ကျနော့် ဘောစိ (ဂိမ်းဒိုင်ကိုဆိုလိုသည်) ကတော့ တရုတ်၊ သူကဗမာစကားတောင်ကောင်းကောင်းမတတ်ဘူး၊ ဒါပေမဲ့ အခုလိုလုပ်ဖို့ ကြားကနေတစ်ယောက်က ရဲတွေကိုညှိပေးတယ်၊ လိုင်းကြေးပေးဖို့ ပေါ့၊ အဲ့လောက်ဘဲကျနော်သိရတယ်” ဟုပြောသည်။

လောင်းကစားဝိုင်းတွေရဲ့ အစကိုခြေရာခံကြည့်မယ်ဆိုရင်တော့ ခြစားလာဘ်စားတဲ့ ဝန်ထမ်းတွေရဲ့ အကျင့်ပျက် အကျင့်ဆိုးတွေကနေစတင်လာတာကို ထင်းထင်းကြီးတွေ့ ရမည်ဖြစ်သည်။ ဒီကိစ္စ ပြည်နယ်အတွင်းမှာ ကြိတ်ကြိတ်တစ်မျိုး၊ ပေါ်တင်တစ်ဖုံဖြစ်နေတာ အတော်ကြာနေပြီဖြစ်ပေမဲ့ ပြည်နယ်အစိုးရတာဝန်ရှိသူတွေအနေဖြင့် အခုချိန်ထိ အရေးတယူဆောင်ရွက်တာမျိုးမတွေ့ ရ။ ပိုဆိုးသည်က ဒီလောင်းကစားဝိုင်းကိစ္စတွေမှာ သက်ဆိုင်ရာကဏ္ဍက တာဝန်ရှိသူတွေကိုယ်တိုင်ပါဝင်နေခြင်းကြောင့် အရေးယူဆောင်ရွက်ဖို့  အခက်ကြုံနေတာဖြစ်နိုင်သည်။ မည်သို့ ပင်ဆိုစေကာမူ ပြည်သူအများကတော့ လူတွေရဲ့ စာရိတ္တကို ပျက်ဆီးဆုတ်ယုတ်စေတဲ့လောင်းကစားဝိုင်းတွေ မရှိစေချင်တာအမှန်ပင်ဖြစ်သည်။

သိပ်မကျန်တော့သည့် အစိုးရရဲ့ လက်ကျန်သက်တမ်းမှာ လောင်းကစားဝိုင်းတွေကို ပပျောက်အောင်လုပ်ပေးနိုင်ဖို့ မျှော်လင့်နေကြတုန်းဖြစ်သည်။ ပြည်သူတွေရဲ့ မျှော်လင့်ချက် ဖြစ်မဖြစ်ဆိုတာကတော့ လက်ရှိအစိုးရအပေါ်မှာသာမှီတည်နေသည်။ လက်ရှိအချိန်ကတော့ လောင်းကစားဝိုင်းဒိုင်တွေအနေနဲ့ လက်မထောင်ပြီး အေးအေးလူလူ ကစားဝိုင်းကိုလည်ပတ်နိုင်ဖို့  သက်ဆိုင်ရာဆီကို “ ရေများများလောင်းပါ၊ ကြိုက်တာလုပ်ပါ” ဆို့ တဲ့မူကို ကျင့်သုံးနေကြကြောင်း။

(ယခုဆောင်းပါးကိုရေးဖြစ်အောင် အချက်အလက်ပေးသည့် သက်ဆိုင်ရာပုဂ္ဂိုလ်တစ်ဦးခြင်းစီကို အထူးကျေးဇူးတင်ရှိပါသည်။ သက်ဆိုင်သူတစ်ဦးခြင်းစီ၏ အမည်များကို လုံခြုံရေးအရ အမည်ပြောင်းလဲရေးသားထားကြောင်းလည်း အသိပေးအပ်သည်)

Leave a Reply

Your email address will not be published. Required fields are marked *