ကြေးရုပ်ထုကိစ္စနှင့် ပတ်သက်၍ ကရင်နီလူငယ်ခြောက်ဦးမှာ တရားစွဲဆိုခံထားရသူထဲက တစ်ဦးဖြစ်တဲ့ ခူးကြူးဖဲကေး (ခ) ဂူဂူးကို KnIC က ဆက်သွယ်မေးမြန်း
Spread the love
KnIC
ကရင်နီလူငယ် ခြောက်ယောက်ကို နိုင်ငံသားတွေရဲ့  ပုဂ္ဂိုလ်ရေးဆိုင်ရာ လွပ်လပ်မှု၊ လုံခြုံမှုကာကွယ်ပေးရေးဥပဒေ ပုဒ်မ (၁၀) နဲ့  ကယားပြည်နယ်အစိုးရ လက်ထောက်ညွန်ကြားရေးမှူး ဦးသက်နောင်က လွိုင်ကော်မြို့ မရဲ့ စခန်းမှာ အမှုဖွင့်တိုင်ကြားထားပါတယ်။
 ပြီးခဲ့တဲ့ မတ်လ (၂၅) ရက်နေ့ က ကရင်နီလူငယ်ခြောက်ဦးဖြစ်တဲ့ ဒီးဒီ (ခ) စစ်မုန်း၊ ခူးကြူးဖဲကေး (ခ) ဂူဂူး၊ ခူးပါစကွားလယ် (ခ) မျိုးလှိုင်ဝင်း၊ ခွန်းဂျွန်ပေါလ်၊ ခူးရီးဒူ နှင့် ခွန်းသောမတ်တို့ က ကယားပြည်နယ်ဝန်ကြီးချုပ် အယ်လ်ဖောင်းရှိုလ်နဲ့ စီမံဘဏ္ဍာဝန်ကြီး ဦးမော်မော်တို့ ကို နိုင်ငံရေးရာဇဝတ်ကောင်၊ ကရင်နီအမျိုးသားသစ္စာဖောက်၊ တိုင်းရင်းသားသွေးစည်းချစ်ကြည်ရေးအတွက်ရန်သူနဲ့  ကျေးဇူးကန်းသူတွေဖြစ်ကြောင်းစာထုတ်ပြန်ခဲ့တာနဲ့ ပတ်သက်ပြီး ဦးသက်နောက်က တရားလိုလုပ်အမှုဖွင့်တိုင်ကြားထားတာဖြစ်တယ်လို့ လည်းသိရပါတယ်။
 လက်ရှိအချိန်မှာ လူငယ်တွေကို ရဲတပ်ဖွဲ့ ဝင်တွေကလိုက်လံရှာဖွေနေပြီး လူငယ်တွေကိုရဲစခန်းမှာ လာရောက်အဖမ်းခံဖို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ဖုန်းဆက်အကြောင်းကြားထား တယ်လို့တရားစွဲခံ လူငယ်တွေကပြော ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး တရားစွဲဆိုခံထားရသူထဲက တစ်ဦးဖြစ်တဲ့ ခူးကြူးဖဲကေး (ခ) ဂူဂူးကို KnIC က ဆက်သွယ်မေးမြန်းထားပါတယ်။
“အခုလိုလိုက်လံဖမ်းဆီးတာဟာ ပြည်နယ်အစိုးရမဟုတ်ဘဲ ပြည်ထောင်စု အစိုးရကပါ ပါဝင်ပတ်သက် နေတယ်လို့ သိရတယ်၊ သမ္မတကိုယ်တိုင်က ကြေးရုပ်ထုကိုမဖယ်ရှားဘူး၊ ပြောင်းရွေ့ ဘူးလို့ ပြောပြီးတော့မှ ကရင်နီလူငယ် ခေါင်းဆောင်တွေက ဦးဆောင်ပြီး ဆန္ဒပြမှုတွေဖြစ်လာမယ်ဆိုရင် ဖမ်းဆီးဖို့ ညွန်ကြားထားတယ်လို့လဲ ကနဦးသတင်းတွေကျနော်တို့ဆီရောက်ပါတယ်။ ကျနော်တို့က ကျနော်တို့ ပြည်နယ်မှာနေပြီး ကရင်နီတိုင်းရင်း သားတွေရဲ့ သမိုင်းကို လေးစားအသိအမှတ်ပြုဖို့တောင်းဆိုတဲ့နေရာမှာ ပြောလိုတာကတော့ လူနည်းစုတိုင်းရင်းသား အခွင့် အရေး တောင်းဆိုတာဟာ ရာဇဝတ်မှုမဟုတ်ပါဘူး”
 KnIC – ခူးကြူးဖဲကေးခင်ဗျ၊ အခု ကရင်နီလူငယ်ခြောက်ယောက်ကို တရားစွဲထားတယ်ဆိုတော့လေ၊ ဘာအမှုနဲ့ ဘယ်သူက တရားစွဲထားတာလဲဗျ။
 ခူးကြူးဖဲကေး – ပြည်နယ်အစိုးရ လက်ထောက်ညွန်ကြားရေးမှူးဦးသက်နောင်ကစွဲတာပါ၊ ပြီးခဲ့တဲ့မတ်လ (၂၅) ရက်နေ့က ဝန်ကြီးချုပ်နဲ့ စီမံဘဏ္ဍာဝန်ကြီးကို ကျနော်တို့က အမျိုးသားသစ္စာဖောက်တွေ၊ တိုင်းရင်းသားသွေးစည်း ချစ်ကြည်ရေးအတွက်ရန်သူဖြစ်သူတွေ၊ ကျေးဇူးကန်းသူတွေဆိုပြီး စာထုတ်ပြန်ထားတာနဲ့ ပတ်သက်ပြီး ပုဒ်မ (၁၀) နဲ့  တရားစွဲထားတာပါ။
ခူးကြူးဖဲကေး – ထုတ်တဲ့ရည်ရွယ်ချက်က အရှိတရားကိုဘဲ ဖော်ပြတာဖြစ်ပါတယ်။ ကြေးရုပ်ထုကြောင့်ဘဲ ကျနော်တို့ ပြည်နယ်မှာ ညီညွတ်ရေးတွေပြိုကွဲလာတယ်၊ နောက်ဒုတိယအချက်က ကျနော်တို့ သမိုင်းကိုကာကွယ်ရင်းနဲ့  တိုင်းရင်းသားစည်းလုံးညီညွတ်မှုကိုကာကွယ်ဖို့ အတွက် အဲဒီပုဂ္ဂိုလ်တွေမှာသာတာဝန်ရှိတယ်ဆိုတာ ထောက်ပြ တာဖြစ်ပါတယ်။
KnIC – အခုလူငယ်တွေကို ရဲတွေကလိုက်ပြီးရှာဖွေဖမ်းဆီးနေတယ်၊ လူငယ်တွေရဲ့ အိမ်တွေကိုလည်း သွားရောက်ရှာဖွေမေးမြန်းတာတွေ လုပ်နေတယ်လို့ သိရတယ်။ အဲ့ဒီလုပ်ရပ်အပေါ်မှာရော ဘာများပြောချင်လဲဗျ။
ခူးကြူးဖဲကေး – အခုအခြေအနေက အာဏာရှိသူတွေဟာ ဥပဒေကိုလက်တစ်လုံးခြားလုပ်စားတဲ့ အခြေအနေဖြစ်ပါတယ်၊ မီဒီယာအင်တာဗျူးမှာ ကျနော်တို့ကို ဥပဒေအကြောင်းအရ ဆင့်ခေါ်စာပေး မယ်လို့ စခန်းမှူး ကပြောထားပေမဲ့ အခုကျတော့ ဥပဒေနဲ့ မညီဘဲတွေ့ ရင်တွေ့ တဲ့နေရာဖမ်းဆိုပြီး လိုက်လံဖမ်းဆီးတားဆီးနေတာတွေက ကရင်နီအရေးအပါအဝင်၊ အခြားဘဝတူဖိနှိပ်ခံ တိုင်းရင်းသားပြည်သူတွေအတွက်ပါ အန္တာရာယ်များပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးလို့ ကြွေးကြော်ပြီးတက်လာတဲ့ အစိုးရခေတ်မှာ ကျနော်တိ့ရဲ့ တိုင်းရင်းသားဆိုင်ရာ အခွင့်အရေးတောင်းဆိုတာကို လိုက်လံတားဆီးတာဟာ အာဏာရှင်ခေတ်နဲ့ ဘာမှမကွာတော့ပါဘူး။
KnIC – အခုအခြေအနေအရပေါ့လေ၊ ကရင်နီလူငယ်တွေဘက်က ရုပ်ထုကိုရွေ့ ပြောင်းပေးဖို့ တောင်းဆိုမှုက အဆင်ပြေတော့မလိုနဲ့အခြေအနေက အဆိုးဘက်ကို ပြန်ရောက်သွားတဲ့အခြေအနေမျိုးတွေ့နေရတယ်ဆိုတော့၊ ရှေ့ ဆက်ဘာတွေများ ဖြစ်လာနိုင်လဲဗျ။
ခူးကြူးဖဲကေး – အခုလိုလိုက်လံဖမ်းဆီးတာဟာ ပြည်နယ်အစိုးရမဟုတ်ဘဲ ပြည်ထောင်စု အစိုးရကပါ ပါဝင်ပတ်သက်နေတယ်လို့ သိရတယ်၊ သမ္မတကိုယ်တိုင်က ကြေးရုပ်ထုကိုမဖယ်ရှားဘူး၊ ပြောင်းရွေ့ ဘူးလို့ ပြောပြီးတော့မှ ကရင်နီလူငယ်ခေါင်းဆောင်တွေက ဦးဆောင်ပြီး ဆန္ဒပြမှုတွေဖြစ်လာမယ်ဆိုရင် ဖမ်းဆီးဖို့ ညွန်ကြားထားတယ်လို့လဲ ကနဦးသတင်းတွေကျနော်တို့ဆီရောက်ပါတယ်။ ကျနော်တို့က ကျနော်တို့ ပြည်နယ်မှာနေပြီး ကရင်နီတိုင်းရင်း သားတွေရဲ့သမိုင်းကို လေးစားအသိအမှတ်ပြုဖို့ တောင်းဆိုတဲ့နေရာမှာ ပြောလိုတာကတော့ လူနည်းစုတိုင်းရင်းသား အခွင့်အရေးတောင်းဆိုတာဟာရာဇဝတ်မှုမဟုတ်ပါဘူး၊ ပြည်ထောင်စုတည်ဆောက်ရေးမှာ ကိုယ်နဲ့ အမြင်မတူတဲ့သူတွေကို ရာဇဝတ်သားဆန်ဆန်ဖမ်းဆီးတာဟာ ပြသနာရှိပါတယ်။ တပြည်ထောင်စနစ်ဆန်ဆန် Unitary ဆန်ဆန် တစ်ရောင်၊ တသွေး၊ တစ်မျိုးဘဲရှိရမယ်ဆိုတာကတော့ ပြည်ထောင်စုမဟုတ်တော့ပါဘူး။ ဒါဆိုရင်တော့ ကျနော်တို့ တိုင်းပြည်ဟာ ဖက်ဒရယ်ပြည်ထောင်စုမဟုတ်တော့ဘဲ တပြည်ထောင်စနစ်ဘဲဖြစ်နေမှာပါ။
 KnIC – ဟုတ်ကဲ့ခင်ဗျ၊ ဒီစာထုတ်တာက ပြီးခဲ့တဲ့မတ်လ ၂၅ ရက်နေ့ ကဆိုတော့ နှစ်လနီးပါးရှိသွားပြီပေါ့လေ၊ စာထုတ်ကတည်းကတရားမစွဲဘဲ၊ အခုချိန်ကြေးရုပ်ကိစ္စက ပြသနာပိုကြီးလာတဲ့အချိန်ရောက်မှ ကြေး ရုပ်ကိစ္စနဲ့ ပတ်သက်ပြီးဦးဆောင်တဲ့လူငယ်တွေကို တရားစွဲတယ်ဆိုတော့ ကြေးရုပ်ထုကိစ္စလှုပ်ရှားမှုကို အင်အားလျော့စေ လိုတဲ့ သဘောမျိုးလား၊ လူငယ်တွေအနေနဲ့ ဘယ်လိုမြင်လဲဗျ။
ခူးကြူးဖဲကေး – ကျနော်တို့ ကိုဖမ်းဆီးလိုက်တာနဲ့ ထောင်သွင်းအကျဉ်းချလိုက်တာနဲ့ ကရင်နီအမျိုးသား လှုပ်ရှားမှုက ကျဆင်းသွားမှာမဟုတ်ပါဘူး၊ ဒီလှုပ်ရှားမှုက ကျနော်တို့ မရှိတော့ရင်တောင် ကရင်နီအမျိုးသားလူငယ် တွေနဲ့ ကရင်နီလို့ ခံယူထားတဲ့သူတွေက လှုပ်ရှားမှုဆက်လုပ်သွားမယ်လို့ ပြောချင်ပါတယ်။
 KnIC – NLD အစိုးရအနေနဲ့  အမျိုးသားပြန်လည်သင့်မြတ်ရေးကို အကောင်အထည် ဖော်မယ်ဆိုပြီးကြွေးကြော်ထားတယ်ဆိုတော့လေ၊ အခုအခြေအနေက ကြေးရုပ်ထုကိစ္စနဲ့ ပတ်သက်ပြီး ကရင်နီလူငယ် အင်အားစုနဲ့ လက်ရှိအစိုးရကြားမှာ အဖုအထစ်တွေ အဆင်မပြေမှုတွေက တဖြည်းဖြည်ကြီးထွားလာနေတဲ့ သဘော မျိုးမြင်တွေ့ နေရတယ်။ ဆိုတော့ အစိုးရကကြွေးကြော်ထားသလို အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စက အဆင်ပြေနိုင်ပါ့ မလား၊ ဘယ်လိုများမြင်မိလဲခင်ဗျ။
 ခူးကြူးဖဲကေး – ပြောချင်တာကတော့ ပန်းပေါင်းတစ်ရာပွင့်ဖို့လိုတယ်၊ ဒီလိုမဟုတ်ဘဲ နဲ့ ကိုယ်နဲ့ မတူရင်ကိုယ့်ရန်သူ လို့ သတ်မှတ်တာက ဒီမိုကရေစီခတ်မှာ အလုပ်မဖြစ်ပါဘူး၊ ဒီမိုကရေစီခေတ်မှာ လူတိုင်းဟာ လွတ်လပ်စွာဆန္ဒထုတ်ဖောင်ခွင့်ရှိရပါမယ်။ ကယားပြည်နယ်အစိုးရကို အကြံပြုချင်တာကတော့ ဗဟုဝါဒရှိရပါမယ်၊ ဒီမိုကရေစီခေတ်မှာ အဲလိုမဟုတ်ဘဲ တသွေး၊ တစ်ရောင်၊ တစ်ပုံစဲထဲ ဖြစ်ဖို့  ကိုယ်နဲ့ အရောင်အသွေးမတူသူတွေကို ချိုးနှိမ်မယ်ဆိုရင်ပြသနာရှိပါတယ်။ ကယားပြည်နယ်အစိုးရက ကျနော်တို့ ကရင်နီပြည်မှာ၊ ကျနော်တို့ အိမ်မှာ သက်မဲ့ရုပ်ထု တစ်ခုကြောင့် ကျနော်တို့ လူငယ်တွေကို ဖမ်းဆီးထောင်ချတာဟာ အဖြေမဟုတ်ဘူးလို့ ပြောချင်ပါတယ်။
 KnIC – အခုရဲ တွေက လူငယ်တွေကိုလိုက်လံရှာဖွေဖမ်းဆီးနေတယ်ဆိုတော့ ဒီအမှုနဲ့ ပတ်သက်ပြီး ကရင်နီလူ ငယ်တွေအနေနဲ့ ဘယ်လိုရှေ့ ဆက်သွားဖို့ ရှိလဲဗျ။
ခူးကြူးဖဲကေး – ကျနော်တို့ ကတော့ အမျိုးသားရေးနဲ့ နိုင်ငံရေးကိုလုပ်တဲ့နေရာမှာ ရိုးရိုးသားသား နဲ့ ပွင့်လင်းမြင်သာမှုရှိရှိဘဲလုပ်တဲ့အတွက် ဒီအမှုကိုရင်ဆိုင်သွားသွားမှာပါ။
 KnIC – ကျေးဇူးပါ ခူးကြူးဖဲကေးခင်ဗျ။
Leave a Reply
Your email address will not be published. Required fields are marked *