ကရင်နီပြည်ရောက် အကျဉ်းချခံဗိုလ်ချုပ်၏ ရင်ဖွင့်သံ
Spread the love
ဘူးရယ် (ချိကယ်မြေ) ရေးသားသည်။
“ဒီတော့ အယ်လ်ဖောင်းရှိုနဲ့ မော်မော်ရေ့  ကရင်နီပြည်လူမြင်ကွင်းကြီးထဲမှာ ကျုပ်ကိုသံဆူး ကြိုးတွေနဲ့ ခတ်လုံခြုံရေးတွေအထပ်ထပ်ချပြီး အပြစ်ရှိသူတစ်ယောက်လိုမထားကြပါနဲ့ တော့၊ ကျုပ်ဖြင့်ခုလိုနေရတာ မျက်နှာပူပြီး ရှက်လှပြီ။ ကျုပ်မွေးရပ်မြေ နတ်မောက်ကို ပြန်ပါရစေတော့၊ ကျုပ်ကိုနတ်မောက်ပြန်ပို့ပေး၊ ကျုပ်ကို နတ်မောက်ပြန်ပို့ ပေး၊ ကျုပ်ကိုနတ်မောက်ပြန်ပို့ ပေး”
တောက် …. အတော်သောက်သုံးမကျတဲ့ ကလေးတွေ၊ ဘယ့်နှယ့်ကွာငါ့သက်မဲ့ရုပ်ထုကို အသုံးချပြီး တိုင်းရင်းသားတွေနဲ့ ပြသနာဖြစ်အောင်လိုက်လုပ်နေရတယ်လို့ ၊ ငါပြောလိုက်မကောင်းရှိတော့မယ်။
မင်းတို့ တွေစာမဖတ်ကြဘူးထင်တယ်၊ မင်းတို့ ပြောပြောနေတဲ့ငါယူပေးတဲ့လွတ်လပ်ရေးဆိုတာ မရခင် တောင်တန်းဒေသတွေဖြစ်တဲ့ ချင်းတောင်တန်းဒေသ၊ ကချင်တောင်တန်းဒေသ၊ ရှမ်းပြည်ထောင်စု၊ ကရင်နီပြည်တွေဆိုတာက သူ့ဟာနဲ့သူ သီးခြားလွတ်လွတ်လပ်လပ်နေလာခဲ့ကြတာကွ၊ ငါကလွတ်လပ် ရေးတောင်း ဖို့ အင်္ဂလန်သွားတော့ ငါကဗမာတွေအတွက်ဘဲကိုယ်စားပြုတယ်
ကျန်တဲ့တိုင်းရင်းသားတွေအတွက်ကိုယ်စားမပြုဘူးဆိုပြီး ရှမ်းစော်ဘွားတွေကပြောခဲ့လို့  အင်္ဂလန်ကနြေ ပန်လာ တောင်တန်းပြည်မ လွတ်လပ်ရေးတစ်ပါးတည်းယူဖို့  ရှမ်း၊ ကချင်၊ ချင်း တိုင်းရင်းသားတွေကို လိုက်စည်းရုံးရင်း ပင်လုံစာချုပ်ဆိုတာဖြစ်လာတာကွ။
          ရှမ်းပြည်ဘက်စည်းရုံးရေးသွားရင်းနဲ့ ကရင်နီပြည်ဘက်ကိုတော့ လမ်းကြုံသဘောနဲ့ ဝင်ဖြစ်ခဲ့တာပေါ့လေ။ ၁၉၄၆ ဒီဇင်ဘာလ (၂၄) ရက်နေ့ မှာ လွိုင်ကော်မြို့ ၊ မြို့ လယ်ဓမ္မာရုံမှာ ကျုပ်မိန့် ခွန်းပြောခွင့်ရခဲ့တယ်၊ အဲ့ဒီတုန်းက ကျုပ်ပြောခဲ့တာက ဗမာပြည်မကြာခင် အင်္ဂလိပ်ထဲကနေလွတ်လပ်ရေးယူတော့မယ်၊ အဲ့ဒါကြောင့်ကရင်နီပြည်က ဗမာတွေနဲ့ ပူးပေါင်းစေချင်ကြောင်း၊ ဗမာတွေက အင်္ဂလိပ်ကျွန်မဖြစ်ချင်ကြသလို တိုင်းရင်းသားတွေကိုလည်း ကျွန်မဖြစ်စေချင်ဘူး၊ ပြီးတော့ တိုင်းရင်းသားတွေကလဲ ဗမာကျွန်မဖြစ်စေရဘူး၊ တောင်တန်းဒေသနဲ့ ကရင်နီပြည်ကို ဗမာတွေဝင်ရောက်စိုးမိုးမှာမဟုတ်သလို ဗမာပြည်နဲ့ တန်းတူထားမယ်၊ တန်းတူအခွင့်အရေးရှိပြီး ဓလေ့ထုံးတမ်းမပျက် အုပ်ချုပ်ခွင့်ရှိရမယ်ဆိုပြီး ကရင်နီတွေကို ကျုပ်ကတိပေးပြောခဲ့တာကွ။
 အဲ့တာကို ရောသိကြရဲ့လား စာလေးပေလေးဖတ်ကြပါဦး၊ ဟိုကောင်တွေ အာဏာရူးပြီး ဖျက်ဆီးထားတဲ့ပညာရေးစနစ် သမိုင်းမှားတွေသင်ပြီး ထင်ရာမြင်ရာလျောက်မလုပ်ကြပါနဲ့ ၊ ငါဗိုလ်ချုပ် တမလွန်ကနေ မင်းတို့ အစားရှက်လှပြီ။
ထပ်ပြောရဦးမယ်၊ မြန်မာပြည်လွတ်လပ်ရေးရဖို့ ကြိုးစားခဲ့တဲ့ကာလတုန်းက ဖက်ဆစ်တွေကို တိုက်ထုတ်ခဲ့တာ ငါတစ်ယောက်ထဲမဟုတ်ဘူးကွ၊ တိုင်းရင်းသားပေါင်းစုံ၊ ကချင်၊ ကရင်နီ၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ရှမ်း၊ ဗမာစတဲ့တိုင်းရင်းသားတွေအားလုံးစုပေါင်းတိုက်ခဲ့ကြလို့ ဖက်ဆစ်ကောင်တွေ အတုံးအရုံးကျဆုံးခဲ့ကြတာပေါ့၊ အခုမင်းတို့ လုပ်နေပြောနေပုံက ဖက်ဆစ်ကိုငါကဘဲတစ်ယောက်ထဲတိုက်ထုတ်ခဲ့သလိုလို၊ အခြားတိုင်းရင်း သားတွေကဘဲမပါသလိုလိုနဲ့ မင်းတို့ သိထားရမှာက ငါတို့တိုင်းရင်းသားညီအစ်ကိုတွေအားလုံး သွေးစည်းခဲ့ လို့ ဖက်ဆစ်ကို အောင်နိုင်ခဲ့တယ်ဆိုတာဘဲ။
အခုနပြောတဲ့ပင်လုံစာချုပ်ကိစ္စပြန်ဆက်ရဦးမယ်၊ တိုင်းရင်းသားတွေကိုကျုပ် လိုက်စည်းရုံးပြီး ပင်လုံစာချုပ်ချုပ်ဆိုပြီးနောက်ပိုင်း အားလုံးသိတဲ့အတိုင်းဘဲ၊ ကျုပ်အပါအဝင် အခြားခေါင်းဆောင်တွေအပါအဝင်၊ ကိုယ်ရံတော် မောင်ထွေးတို့  (၉) ယောက်လုပ်ကြံခံလိုက်ရတယ်။
 တိုင်းရင်းသားတွေနဲ့ ကျုပ်ကတိကဝတ်ပေးထားတဲ့ ပင်လုံစာချုပ်ကို ဘာမှာအကောင်အ ထည်မဖော်လိုက်ရဘူး။ ကျုပ်တစ်ခုတော့မျှော်လင့်ခဲ့တာပေါ့လေ။ ကျန်နေတဲ့သူတွေက ဒီကိစ္စကို ဆက်ပြီး အကောင်အထည်ဖော်လိမ့်မယ်ဆိုတာ။ ဒါပေမဲ့ကျုပ်ထင်သလိုမဖြစ်လာခဲ့ဘူး၊ တိုင်းပြည်ကြီးက ပြည်တွင်း စစ်ကြီးထဲသံသရာလည်နေတာ၊ အချင်းချင်းပြန်ပစ်ကြချကြနဲ့  နှစ်ပေါင်း ၇၀ ကျော်သွားပြီ၊ ခုချိန်ထိ ချနေကြတုန်း၊ ဒီလိုကိစ္စမျိုးဘာကြောင့်ဖြစ်လာတယ်ဆိုတာ ကျုပ်ပြန်ကြည့်လိုက်တော့ ကျုပ်တို့ ချုပ်ဆိုခဲ့တဲ့ပင်လုံစာချုပ်ကို အကောင်အထည်ဖော်ဖို့ ကတိကဝတ်ပျက်နေကြလို့ဘဲ၊ ဘယ်လောက်ထိကတိကဝတ်ပျက်နေကြလဲဆိုရင် ကျုပ်ပုံပါတဲ့ပိုက်ဆံတွေကိုဖျက်သိမ်း၊ တိရိစ္ဆာန်ပုံတွေနဲ့ငွေတွေထုတ်၊ ကျုပ်နဲ့ပတ်သက်တဲ့ ဟာမှန်သမျှ အစဖျောက်ခဲ့ကြတယ်၊။
 အဲ့ဒါက ကျုပ်နဲ့ တိုင်းရင်းသားတွေကြားပင်လုံစာချုပ်, ချုပ်ဆိုခဲ့တယ်ဆိုတာကို ဖျောက်ဖျက်ပစ်ကြဖို့ ဘဲ၊ ခေတ်အဆက်ဆက် အုပ်ချုပ်သူတွေက ကျုပ်ပေးထားတဲ့ ကတိကဝတ်တွေကို ဖျောက်ဖျက်ပစ်ဖို့လုပ်တာဟာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ဖျက်ဆီးနေတာနဲ့ အတူတူဘဲဆိုတာခင်ဗျားတို့ သိသင့်နေပြီ။
အခုတော့ ခေတ်စနစ်အရ အခြေအနေတွေကပြောင်းလာခဲ့ပြီ။ ဒီမိုကရေစီစနစ်ဆိုတဲ့ အောက်မှာေ ရွးကောက်ပွဲတွေလဲရှိလာပြီ၊ ကျုပ်သမီးကိုလဲယုံကြည်ကြလို့ ပြည်သူတွေက မဲ့ပုံပေးခဲ့ကြပြီ။ ဒီလိုပြည်သူ တွေကနေ တင်မြှောက်လိုက်တဲ့ ပြည်သူ့အစိုးရဆိုတဲ့ ခင်ဗျားတို့ လက်ထက်မှာ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပိုပြီးလုပ်နိုင်မယ်လို့ အားလုံးကမျှော်လင့်နေကြတာကိုတွေ့ရတယ်။ အခုတော့ ခင်ဗျားတို့ လုပ်ပုံက ဟုတ်ကြသေးရဲ့လား၊ ကရင်နီပြည်မှာ ကျုပ်ရဲ့ရုပ်ထုကိုထားမယ်လို့ ခင်ဗျားတို့ စပြောတုန်းက ဒေသခံတွေကြိုတင်ကန့် ကွက်ခဲ့ကြတယ်။
 ဒါပေမဲ့ခင်ဗျားတို့ ကမဖြစ်ဖြစ်အောင်လုပ်ခဲ့ကြတယ်။ ကန့်ကွက်ဆန္ဒပြခဲ့ကြတဲ့ ဒေသခံတွေကို ရာဘာကျည်နဲ့ပစ်ခတ်တဲ့အထိ ခင်ဗျားတို့ စော်ကားခဲ့ကြတယ်။ ကျုပ်ကရင်နီပြည်ကိုရောက်ခဲ့တုန်းက ပေးခဲ့တဲ့ ကတိတွေဖြစ်တဲ့ ကရင်နီပြည်ကို ဗမာတွေဝင်မစွက်ဖက်ဘူး၊ တန်းတူရေးနဲ့ ရိုးရာဓလေ့အတိုင်း အုပ်ချုပ်ခွင့်ရှိစေရမယ်ဆိုတဲ့ကတိတွေကို အကောင်အထည်ဖော်ဖို့ မကြိုးစားဘဲနဲ့ ကရင်နီလူထုတွေ ကန့် ကွက် နေတဲ့ကြားက ကျုပ်ရုပ်ထုကို ခိုးကြောင်ခိုးဝှက်နဲ့  မွန်ပြည်ကနေကရင်နီပြည်ထိသယ်လာခဲ့ကြတယ်။
 ကျုပ်ဖြင့် ရှက်လိုက်ရတာ၊ ကရင်နီပြည်သူတွေကိုလည်းအားနာလိုက်ရတာ၊ သောက်သုံးမကျတဲ့ ခင်ဗျားတို့ ကိုဘဲ နရင်းရိုက်ချင်နေတာ။ ကျုပ်ကရင်နီပြည်ရောက်တော့လဲ ဘယ်မှာ ဂုဏ်သိက္ခာရှိရှိနေရလို့ လဲ၊ ကျုပ်နေနေရတဲ့ ပတ်ဝန်းကျင်ကို သံဆူးကြိုးတွေခတ်၊ လုံခြုံရေးတွေချနဲ့ ခင်ဗျားတို့ရဲ့  သောက်သုံးမကျတဲ့ လုပ်ရပ်ကြောင့် မဆိုင်သူတွေ ဒုက္ခရောက်နေကြပြီဆိုတာကို မသိကြဘူးလား။
ကျုပ်ဗိုလ်ချုပ်ဘဝနဲ့ နေခဲ့တုန်းက လုံခြုံရေးအဲ့လောက်တစ်ခါမှမရှိခဲ့ဖူးဘူး၊ အခု သက်မဲ့ကျုပ်ရုပ်ထုကိုမှ ခင်ဗျားဆို့လုံခြုံရေးပေးနေလိုက်ကြတာ။ ကျုပ်ကရင်နီပြည်မှာခုနေနေရတုန်းသိနေကြားနေရတာတွေအများကြီး၊ လျှပ်စစ်မီးမမှန်တာတွေ၊ ဘိလပ်မြေတွေဈေးအဆမတန်တက်နေတာတွေ၊ ဒေသခံတွေမြေသိမ်း၊ ယာသိမ်းခံနေရတာတွေ၊ ရေရှားပါးနေတာတွေ၊ တောင်သူတွေမတရားတရားစွဲခံနေရတာတွေ အများကြီးကြားနေ သိနေရတယ်။ အခုတာဝန်ယူထားတဲ့ခင်ဗျားတို့ အနေနဲ့  ဒီကိစ္စတွေကိုလိုက်မဖြေရှင်းပေးဘဲ ကျုပ်ရုပ်ထုနဲ့ ဘဲ အလှုပ်ရှုပ်အချိန်ကုန်ခံနေကြတာတွေ့ ရတော့ ကျုပ်ဖြင့်ဒေါသထွက်လိုက်ရတာ၊ တာဝန်ယူထားတဲ့ ဝန်ကြီးချုပ်နဲ့  အပေါင်းအပါတွေကို ကျုပ်ဖြင့်နရင်းချည်းရိုက်ချင်နေတာ လက်ကိုယားနေရော။
နောက်တစ်ခုခင်ဗျားတို့ ကို သိအောင်ပြောရဦးမယ်၊ ကျုပ်လူ့ ပြည်မှာ သက်ရှိထင်ရှားရှိနေခဲ့တုန်းက ပြောခဲ့တဲ့စကားတစ်ခုရှိတယ်။ ၁၉၄၅ သြဂုတ်လ (၁၉) ရက်နေ့ တုန်းက နေသူရိန်ညီလာခံမှာ ပြောခဲ့တာ၊ အဲ့တာကဘာလဲဆိုတော့ “ တိုင်းပြည်ကိုလိမ်နေတဲ့ လူညာတွေ အကျင့်ပျက်တွေ သတ္တိကြောင်တွေဟာ၊ ကိုယ့် အစွမ်း ကိုယ်အားမကိုးဘဲ လူတွေက ကြည်ညိုတန်ကောင်းရဲ့ ဆိုတဲ့ ပုဂ္ဂိုလ်တစ်ဦးဦးကို ဗန်းပြပြီးလာစေကာမူ ဘယ်နည်းနဲ့ မှ အားမပေးကြနဲ့ ခင်ဗျားတို့ လည်ပင်းချင်ဗျားတို့ ကြိုးတပ်ချင်ရင်ဖြင့် ကျုပ်ဘာမှမပြောလိုတော့ဘူး” ဆိုပြီးပြောခဲ့တယ်။
အဲ့ဒါကဘာလဲဆိုတော့ လူတစ်ဦးတစ်ယောက်ကို မှီခိုပြီး လူထုတွေရဲ့ ယုံကြည်မှု၊ အားကိုးမှုကို လိမ်လည်ယူမဲ့သူတွေကို အားမပေးဖို့ပြောခဲ့တာဘဲ။ အခုခင်ဗျားတို့ လုပ်ပုံက ကျုပ်သက်မဲ့ရုပ်ထုကိုပြပြီး ကရင်နီပြည်သူတွေဆီက ယုံကြည်မှု၊ အားကိုးမှုကို ရယူဖို့ လုပ်နေတာဟာ အင်မတန်မှယုတ်ညံ့ပြီး ရှက်ဖို့ ကောင်းပါတယ်။ ကျုပ်ပုံဗန်းပြပြီး လူထုတွေဆီက ယုံကြည်အားကိုးမှုရယူဖို့ ဆိုတာ ဒါဗမာပြည်မမဟုတ်ဘူး၊ ကရင်နီတွေပိုင်တဲ့ဒေသဖြစ်တယ်။
ကျုပ်ပေးထားတဲ့ ကတိကဝတ်တွေအတွက် ဘာတစ်ခုမှ အကောင်အထည်မဖော်နိုင်သေးတဲ့အတွက် ကျုပ်ဖြင့်တမလွန်ကနေ စိတ်မလုံမလဲဖြစ်နေရတဲ့ကြားထဲ ခင်ဗျားတို့ လုပ်ပုံက အတော်ကိုဆိုး ဝါးမှားယွင်းလွန်း နေတယ်။
နောက်ဆုံးအနေနဲ့ ကျုပ်ရုပ်ထုကို တာဝန်ယူလုပ်ဆောင်ခဲ့တဲ့ ဝန်ကြီးချုပ်ဆိုတဲ့အယ်လ်ဖောင်းရှိုနဲ့  စီမံဘဏ္ဍာဝန်ကြီးမော်မော်တို့ကို ပြောချင်တယ်။ ကရင်နီပြည်သူတွေ ကန့်ကွက်နေတဲ့ကြားက ကျုပ်ရုပ်ထုကို မွန်ပြည်နယ်ကနေ ကရင်ပြည်နယ်ကိုခိုးကြောင်ခိုးဝှက်သယ်လာ၊ လူထုပန်းခြံမှာအတင်းအဓမ္မတည်၊ ကရင်နီလူထု တွေကန့်ကွက်တော့ သံဆူးကြိုးတွေခတ်၊ လုံခြုံရေးတွေအထပ်ထပ်ချ၊ မြို့ထဲမှာလဲ ဟိုလမ်းတွေပိတ်၊ ဒီလမ်းတွေပိတ်နဲ့ ခင်ဗျားတို့ရဲ့လုပ်ရပ်ကြောင့် ကရင်နီလူထုတွေ ကျုပ်ကိုမုန်းလာနေသလို ဗမာတွေမကောင်း ဘူးဆိုတဲ့အမြင်တွေ မြင်လာနေကြပြီ။
 တချို့ကပြောကြတယ်ခင်ဗျားတို့က မျက်နှာလိုမျက်နှာရလုပ်ပြီး ကျုပ်ရုပ်ထုကို မဖြစ်ဖြစ်အောင်တ ည်တာတဲ့။ ကျုပ်ရုပ်ထုတည်တာနဲ့ခင်ဗျားတို့ မျက်နှာသာရတာ ဘာများပတ်သက်နေလို့လဲဗျာ။ မျက်နှာသာ ရမယ်ဆိုရင်တောင်ခင်ဗျားတို့ ကိုမျက်နှာသာပေးတယ်ဆိုတဲ့လူတွေကိုယ်တိုင်က သောက်ရူးတွေဖြစ်လိမ့်မယ်။
 ခင်ဗျားတို့ အခုသွားနေတာ ဒီမိုကရေစီဆိုတဲ့လမ်းကြောင်းဆိုတာကို မေ့နေတာလား၊ အခုထိနားမလည် သေးတာလား၊ ခင်ဗျားတို့ အခုလို နေရာရဖို့ အာဏာရဖို့ ခင်ဗျားတို့ ကို ပြည်သူတွေကမဲပေးခဲ့ကြတာမဟုတ်လား၊ အဆုံးအဖြတ်ပေးခဲ့ကြတာမဟုတ်လား၊ အဲ့တော့အခုခင်ဗျားတို့ မျက်နှာသာရနေတယ်ဆိုတာက ပြည်သူ တွေကြောင့်ဆိုတာသိထားဖို့ လိုနေပါပြီ။
ပြည်သူတွေရဲ့ အဆုံးအဖြတ်ဟာ ခင်ဗျားတို့ အတွက် အရေးသိပ်ကြီးတယ်ဆိုတာသိသင့်နေပါပြီ။ ဒီတော့ အယ်လ်ဖောင်းရှိုနဲ့ မော်မော်ရေ့ ကရင်နီပြည်လူမြင်ကွင်းကြီးထဲမှာ ကျုပ်ကိုသံဆူးကြိုး တွေနဲ့ခတ်လုံခြုံရေး တွေအထပ်ထပ်ချပြီး အပြစ်ရှိသူတစ်ယောက်လိုမထားကြပါနဲ့ တော့၊ ကျုပ်ဖြင့်ခုလိုနေရတာ မျက်နှာပူပြီး ရှက်လှပြီ။ ကျုပ်မွေးရပ်မြေ နတ်မောက်ကို ပြန်ပါရစေတော့၊ ကျုပ်ကိုနတ်မောက်ပြန်ပို့ ပေး၊ ကျုပ်ကို နတ်မောက်ပြန်ပို့ ပေး၊ ကျုပ်ကိုနတ်မောက်ပြန်ပို့ ပေး။
Leave a Reply
Your email address will not be published. Required fields are marked *