PNC ရဲ့ ပြောရေးဆိုခွင့်ရှိသူ နဲ့နယ်ပလိုး ကို တွေ့ဆုံပွဲနဲ့ပတ်သက်ပြီး KnIC မေးမြန်း

Spread the love

ဒီလ ၁ဝ ရက်နေ့မှာ KNPP က ဒုတိယ – ဥက္က ခူဦးရယ်ဦးဆောင်တဲ့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေနွေးရေးကော်မတီ (PNC)နဲ့ ဒုတိယဗိုလ်ချုပ်ကြီးဟောင်းခင်ဇော်ဦး ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကော်မရှင် PC တို့ဟာ ချင်းမိုင်မြို့မှာ အလွတ်သဘောတွေ့ဆုံကြပါတယ်။ PNC ရဲ့ ပြောရေးဆိုခွင့်ရှိသူ နဲ့နယ်ပလိုးကို တွေ့ဆုံပွဲနဲ့ပတ်သက်ပြီး KnIC  ကမေးမြန်းထားပါတယ်။

“NCA ကိုပဲ ပန်းတိုင်တစ်ခုလို သဘောထားပြီး အဖွဲ့အစည်းတွေကို လက်မှတ်ရေးထိုးဖို့တိုက်တွန်းပြီး ကိန်းဂဏန်းအရေအတွက်အပေါ်မှာပဲ အမှတ်ယူဖို့ကြိုးစားရင်တော့ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် စိန်ခေါ်မှုတွေ အများကြီးဆက်ရှိနေမှာပါ။ လက်မှတ်ရေးထိုးပြီးသွားတဲ့ အဖွဲ့အစည်းတွေကိုယ်၌က အကောင်အထည်ဖေါ်ဖို့ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။

အရင်းခံပြဿသနာကဘာလဲဆိုတာဆန်စစ်ပြီးတော့ ပြုပြင်ရမယ့် အပိုင်းတွေကို ပြင်သင့်ပါတယ်။ အားလုံးကတော့ ကိုယ့်ကဏ္ဍ၊ ကိုယ့်ရှုထောင့်၊ ကိုယ့်လိုအပ်ချက်အပေါ် အခြေခံပြီး ပါဝင်ဆောင်ရွက်ကြတာကို အသစ်အမှတ်ပြုပါတယ်။ ဒါပေမယ့် အရွေ့ ရှိဖို့ တစ်ဆို့မှုရှိတာတွေကို ရှင်းရပါမယ်။ ရှင်းတဲ့အခါမှာ ကျနော်တို့ရဲ့တိုင်းပြည်မှာ တကယ်လိုအပ်နေတဲ့ ရေရှည်တည်တန့်တဲ့ ငြိမ်းချမ်းရေး၊ တန်းတူအခွင့်အရေး၊ ဒီမိုကရေစီ၊ ဖက်ဒရယ်စနစ် စတာတွေကို အမှန်စင်စစ် ဖြစ်မြောက်စေလိုတဲ့ စိတ်ထားမျိုးနဲ့ လုပ်ဖို့လိုပါတယ်”

 KnIC – တွေ့ဆုံပွဲမှာ ဘာကြောင်းကို အဓိကဆွေးနွေးကြလဲဗျာ။

နဲ့နယ်ပလိုး – ဒီနေ့ KNPP နဲ့ PC အလွတ်သဘောတွေ့ဆုံပွမှာတော့ အဓိက ပြည်နယ်အဆင့်မှာ လုပ်နေတဲ့ KNPP နဲ့ အစိုးရ၊ တပ်မတော်တို့အကြား လစဉ်ပုံမှန်အစည်းအဝေးတွေမှာ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ ပြီးတော့ ဒီပုံမှန်အစည်းအဝေးတွေကို ပိုပြီးထိရောက်မှုရှိအောင် ဘယ်လိုလုပ်ကြမလဲ ဆိုတာရယ်၊ မြေပြင်မှာ တင်းမာမှုတွေဖြစ်စေတဲ့ တပ်ပိုင်းဆိုင်ရာကိစ္စတွေ၊ စတာတွေကို ဆွေးနွေးဖြစ်ကြပါတယ်။ ဆွေးနွေးမှုမှာ သဘောထားကျသွားတာကတော့ ဒီလအတွင်း KNPP အနေနဲ့ NRPC နဲ့တွေ့ဖို့၊ ပြီးတော့ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်တဲ့ တပ်မတော်ညှိနှိုင်းရေးအဖွဲ့နဲ့ တွေ့ဖို့ပေါ့။ ရက်အတိအကျကိုတော့ ဆက်ညှိဖို့ရှိပါတယ်။

KnIC – လက်ရှိသွားနေတဲ့ NCA လမ်းကြောင်းအပေါ် KNPP က ဘယ်လိုမြင်လဲ

 နဲ့ နယ်ပလိုး – NCA ဆိုတာက ပန်းတိုင်မဟုတ်ဘူး။ ပန်းတိုင်ကိုရောက်ဖို့ ပို့ပေးမယ့် ယန္တယား တစ်ခုပဲ ဖြစ်တယ်။ ကျနော်တို့ရဲ့ ပန်းတိုင်က တစ်နိုင်ငံလုံးအတိုင်းအတာဆောင်မယ့် အပစ်အခတ်ရပ်စဲရေးအပေါ်အခြေခံတဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုကနေတဆင့် ရေရှည်တည်တန့်မယ့် ငြိမ်းချမ်းရေးတည်ဆောက်ဖို့ဖြစ်တယ်။ ဒါကြောင်မို့လို့ ဒီယန္တယားက ကျနော်တို့ကို ပန်းတိုင်အထိ ကောင်းကောင်းမွန်မွန်ပို့နိုင်ဖို့ အလုပ်ဖြစ်မယ့်အစိတ်အပိုင်းတွေရှိဖို့လိုပါမယ်။ ပိုမိုပီပြင်တဲ့ လမ်းကြောင်းတစ်ခုဖြစ်ဖို့လည်း ကျနော်တို့ ပါဝင်ဆောင်ရွက်နေပါတယ်။

KnIC – ကရင်နီပြည်မှာ အခုကြေးရုပ်ထုကိစ္စ ပြသနာကြီးနေတယ်ပေါ့လေ အဲ့တာဆွေးနွေးဖြစ်ကြသေးလား /ပြည်သူ့အားနဲ့ရုပ်ထုကို ရွေ့ဖို့ပြောနေကြတယ်။ အစိုးရက ဒါကို ဘယ်လိုကိုင်တွယ် သင့်လဲ။

နဲ့ နယ်ပလိုး – ကြေးရုပ်ကိစ္စနဲ့ပါတ်သက်ပြီးတော့ PC မှာပါတဲ့ NLD အစိုးရကိုယ်စားလှယ်ဖြစ်တဲ့ ဦးအောင်စိုးကို KNPP က တင်ပြခဲ့ပါတယ်၊ ဗဟိုအစိုးရအနေနဲ့ ပါဝင်ဖြေရှင်းပေးဖို့ပေါ့။ အခုက ပြည်နယ်အစိုးရက တာဝန်ယူဖြေရှင်းပေးတာမျိုးမရှိပဲ တခြားအဖွဲ့ကို လွှဲချခဲ့တယ်။ တခြားအဖွဲ့နဲ့ လူငယ်ခေါင်းဆောင်တွေသွားညှိတော့ အဲဒီအဖွဲ့က ပြည်နယ်အစိုးရကို ပြန်လွှဲပြန်တယ်။ ဒီလိုအနေအထားမျိုးမှာ အခြေအနေ ပိုမဆိုးသွားအောင် အစိုးရက ဗဟိုအဆင့်ကနေ ဝင်ရောက် ဖြေရှင်းပေးဖို့ ပြောခဲ့ပါတယ်။ ကြေးရုပ်နဲ့ ပါတ်သက်တဲ့ ပြည်သူတွေရဲ့ နောက်ဆုံးသဘောထားကိုလည်း တင်ပြခဲ့ပါတယ်၊ အစိုးရအနေနဲ့ တာဝန်ယူဖြေရှင်းပေးခြင်းမရှိရင် ပြည်သူ့အင်အားနဲ့ ရွှေ့မယ့်အကြောင်းကိုပေါ့။ ဒီလိုတင်ပြချက်အပေါ်မှာ ဘယ်လိုဘယ်ပုံဆောင်ရွက်ပေးပါ့မယ် ဆိုတဲ့အကြောင်းကိုတော့ KNPP ကို ပြန်ပြောတာ မရှိပါဘူး။

 KnIC – KNPP နဲ့ အစိုးရကြားက ငြိမ်းချမ်းရေးဆွေးနွေးမှု တနိုင်ငံလုံး ငြိမ်းချမ်းရေးဖြစ်စဉ်ကို သုံးသပ်ပေးကြည့် ပါဦးဗျ…အခြေအနေ ကောင်းမကောင်းပေါ့။

နဲ့ နယ်ပလိုး – NCA ကိုပဲ ပန်းတိုင်တစ်ခုလို သဘောထားပြီး အဖွဲ့အစည်းတွေကို လက်မှတ်ရေးထိုးဖို့တိုက်တွန်းပြီး ကိန်းဂဏန်းအရေအတွက်အပေါ်မှာပဲ အမှတ်ယူဖို့ကြိုးစားရင်တော့ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် စိန်ခေါ်မှုတွေ အများကြီးဆက်ရှိနေမှာပါ။ လက်မှတ်ရေးထိုးပြီးသွားတဲ့ အဖွဲ့အစည်းတွေကိုယ်၌က အကောင်အထည်ဖေါ်ဖို့ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အရင်းခံပြဿသနာကဘာလဲဆိုတာဆန်စစ်ပြီးတော့ ပြုပြင်ရမယ့် အပိုင်းတွေကို ပြင်သင့်ပါတယ်။ အားလုံးကတော့ ကိုယ့်ကဏ္ဍ၊ ကိုယ့်ရှုထောင့်၊ ကိုယ့်လိုအပ်ချက်အပေါ် အခြေခံပြီး ပါဝင်ဆောင်ရွက်ကြတာကို အသစ်အမှတ်ပြုပါတယ်။ ဒါပေမယ့် အရွေ့ ရှိဖို့ တစ်ဆို့မှုရှိတာတွေကို ရှင်းရပါမယ်။ ရှင်းတဲ့အခါမှာ ကျနော်တို့ရဲ့တိုင်းပြည်မှာ တကယ်လိုအပ်နေတဲ့ ရေရှည်တည်တန့်တဲ့ ငြိမ်းချမ်းရေး၊ တန်းတူအခွင့်အရေး၊ ဒီမိုကရေစီ၊ ဖက်ဒရယ်စနစ် စတာတွေကို အမှန်စင်စစ် ဖြစ်မြောက်စေလိုတဲ့ စိတ်ထားမျိုးနဲ့ လုပ်ဖို့လိုပါတယ်။

KnIC – ကျေးဇူးတင်ပါတယ်ခင်ဗျ။

Leave a Reply

Your email address will not be published. Required fields are marked *