လွိုင်ကော်တွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကိစ္စနှင့်ပတ်သက်ပြီး လှုပ်ရှားမှုလုပ်ရသည့် ရည်ရွယ်ချက်နှင့်ပတ်သက်ပြီး လှုပ်ရှားမှုတွင်ပါဝင်သွားမည့် လူ့ဘောင်သစ်လူငယ် (YNS) ဥက္ကဌ မအိသဉ္စာမောင်ကို KnIC မှ ဆက်သွယ်မေးမြန်

Spread the love

“တစ်စုတစ်ဖွဲ့ထဲလုပ်တာမဟုတ်ဘူးပေါ့နော်၊ ဗမာတွေအများစုနေတဲ့ ပြည်နယ်တွေမှာလဲ နိုင်ငံရေးတက်ကြွလှုပ်ရှားတဲ့သူတွေက တိုင်းရင်းသားဒေသမှာရှိတဲ့လူငယ်တွေနဲ့ တစ်စိတ်တစ်ဝမ်းထဲအတူတူပါဘဲ တိုင်းရင်းသားတို့ရဲ့လိုအပ်ချက်ကလဲ ကျမတို့ရဲ့လိုအပ်ချက်ပါဘဲ သူတို့ရဲ့တောင်းဆိုချက်ကလဲကျမတို့ရဲ့တောင်းဆိုချက်ပါဘဲ သူတို့ရဲ့ သမိုင်းကြောင်းမှန်အတွက်အမှန်တရားအတွက်တိုက်ပွဲဝင်တာကလဲ ကျမတိုနဲ့အတူတူဘဲ တစ်သားတည်းရှိတယ်ဆိုတာကိုပြချင်လို့ တစ်ဦးတစ်ဖွဲ့လုပ်တာမဟုတ်ဘဲ ဒီဘက်က အဲ့လိုစိတ်ဓာတ်ရှိတဲ့လူငယ်တွေစုပေါင်းလုပ်တာပါရှင်”

လွိုင်ကော်တွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကိစ္စနှင့်ပတ်သက်ပြီး သပိတ်ဆင်နွှဲနေသည့် ကရင်နီလူငယ်ထုနှင့် ထပ်တူရှိကြောင်းကိုပြသသည့်အနေဖြင့် “အမျိုးသားတန်းတူညီမျှမှု အခွင့်အရေးလှုပ်ရှားမှု ” တစ်ရပ်ကို ရန်ကုန်မြို့ ဆူးလေမြို့တော်ခန်းမရှေ့တွင် မနက်ဖန် ၁၂၊ ၂၊ ၂၀၁၉ ပြည်ထောင်စုနေ့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

လှုပ်ရှားမှုလုပ်ရသည့် ရည်ရွယ်ချက်နှင့်ပတ်သက်ပြီး လှုပ်ရှားမှုတွင်ပါဝင်သွားမည့် လူ့ဘောင်သစ်လူငယ် (YNS) ဥက္ကဌ မအိသဉ္စာမောင်ကို KnIC မှ ဆက်သွယ်မေးမြန်းထားသည်။

KnIC – မအိသဉ္စာမောင်ခင်ဗျား၊ လွိုင်ကော်မှာဗိုလ်ချုပ်ကြေးရုပ်ထုထားရှိတဲ့ ကိစ္စနဲ့ပတ်သက်ပြီး သပိတ်ဆင်နွှဲနေတဲ့ ကရင်နီလူငယ်ထုနဲ့အတူ ရှိကြောင်းပြသတဲ့အနေနဲ့ ” အမျိုးသားတန်းတူညီမျှရေးအခွင့်အရေးလှုပ်ရှားမှုကို ” ဆူးလေမြို့တော်ခန်းမရှေ့မှာ လုပ်မယ်လို့ သိရတယ်ဗျ။ လုပ်ရတဲ့အဓိကရည်ရွယ်ချက်ကိုသိချင်ပါတယ်။
မအိသဉ္စာမောင် – ပထမဦးဆုံးအနေနဲ့ကျမတို့ကြည့်တာ ဒီတိုက်ပွဲက တရားမျှတမှုရှိတဲ့တိုက်ပွဲပေါ့၊ ဒါပထမဆုံး ကျမတို့ယုံကြည်တဲ့အချက်ပေါ့၊ နောက်တစ်ချက်ကကျမတို့သွေးစည်းညီညွတ်မှုကိုပြဖို့ပေါ့ ၊ ပြဖို့အတွက်ဆိုရင် ကျမတို့ဒီကလူငယ်တွေ လွိုင်ကော်သပိတ်ကိုသွားကူတာမျိုးရှိတယ်၊ နောက်ပြီး အရေးကြီးတာက ကျမတို့ ဗမာအများစုနေထိုင်တဲ့နေရာတွေမှာက ငြိမ်နေတယ်ပေါ့နော်၊ အဲ့တော့ ဒီဘက်ကလူငယ်တွေကလဲသွေးစည်းညီညွတ်မှုကိုပြဖို့၊ မတရားမှု ခုခံကာကွယ်မှုကိုထောက်ခံပါတယ်၊မတရားမှုကိုကန့်ကွက်တာကို ကျမတို့က အတူရှိနေပါတယ်ဆိုတာ ပြဖို့အတွက် လုပ်ရခြင်းဖြစ်ပါတယ်။

KnIC – ဒီ NLD အစိုးရတက်လာပြီးတဲ့နောက်ပိုင်းမှာပေါ့ ဗိုလ်ချုပ်ကြေးရုပ်ထုကို မြို့တွေမှာလိုက်ပြီးစိုက်ထူလာတာတွေများလာနေတယ်ပေါ့လေ၊ ဒါကပြည်မမှာ ပြသနာမရှိပေမဲ့ တိုင်းရင်းသားနယ်မြေတွေမှာတော့ ပြသနာရှိနေတယ်ပေါ့လေ၊ အခုလဲကရင်နီပြည်မှာ လူငယ်ထုတွေ ကန့်ကွက်နေတဲ့ကြားက မဖြစ်ဖြစ်အောင်စိုက်ထူလိုက်တဲ့အပေါ်ရော ဘယ်လိုမြင်လဲဗျ။
မအိသဉ္စာမောင် – ပထမတစ်ချက်ကတော့လိုအပ်ချက်ကို အရင်ပြန်ကြည့်ရမှာပေါ့၊ ဒီရုပ်ထုက ဒီဒေသမှာအမှန်တကယ် လိုအပ်လားပေါ့ ပြီးတော့ရုပ်ထုတစ်ခုထုတဲ့ငွေကနည်းနည်းနောနောမဟုတ်ဘူးလေ၊ သိန်းထောင်နဲ့ချီကုန်ကျတာ.. အကယ်၍ ဒီရုပ်ထုမထုဘဲ လမ်းပန်းဆက်သွယ်ရေးဖြစ်ဖြစ်.. ပြည်သူ့အတွက်ဝန်ဆောင်မှုတစ်ခုဖြစ်ဖြစ် လုပ်လိုက်ရင် ပြည်သူ့အတွက် လက်တွေ့အသုံးချတာဖြစ်သွားမှာပေါ့နော်၊ ဒါကြောင့်ကျမတို့က အမှန်တကယ်ဘာတွေလိုအပ်လဲဆိုတာစဉ်းစားဖို့လိုတယ် ၊ ဒီရုပ်ထုဘဲလိုက်ထုနေရင်တော့အပေါ်ယံ ညီညွတ်ရေးကိုဘဲဖြစ်စေတယ်၊ တကယ်တန်း ကျမတို့ကစစ်မှန်တဲ့ပြည်ထောင်စုကိုသွားမယ်ဆိုရင် တိုင်းရင်းသားတွေရဲ့အသံ၊ တိုင်းရင်းသားတွေအမှန်တကယ် ဘာတွေလိုအပ်နေလဲဆိုတာကို သိဖို့လိုမယ်၊ဖြည့်ဆည်းပေးဖို့လိုတယ်ပေါ့နော် ၊ ဒီပြည်ထောင်စုဖြစ်လာဖို့ဆိုတာအားလုံးဝိုင်းဝန်းလုပ်ဆောင်ပြီး ပေါင်းစည်းပြီးမှဖြစ်လာကြတာ၊ ဒါကို လူတစ်ဦး လူတစ်စုနဲ့ဘဲဖြစ်လာတယ်ဆိုတဲ့စိတ်မျိုးထားမယ်ဆိုရင် ယုံကြည်မှုတည်ဆောက်တဲ့နေရာ ပြည်ထောင်စုပြန်တည်ဆောက်တဲ့နေရာမှာ အလှမ်းဝေးသွားစေတာပေါ့နော်။

KnIC – ဟုတ်ကဲ့၊ ဗိုလ်ချုပ်အောင်ဆန်းဟာ လွတ်လပ်ရေးဖခင်ဖြစ်တယ်၊ပြည်ထောင်စုဖခင်ဖြစ်တယ်ဆိုပြီး တိုင်းရင်းသားနယ်မြေတွေမှာ ရုပ်ထုလိုက်တည်တာက ဖြေရှင်းရမဲ့နိုင်ငံရေးပြသနာကို ပြေလည်စေနိုင်လား၊ ဘယ်လိုမြင်လဲဗျ။
မအိသဉ္စာမောင် – ဒီအပိုင်းကျတော့ ကျမကအာဏာပိုင်မဟုတ်တော့ တိတိကျကျပြောလို့မရဘူးပေါ့ ဒါပေမဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားနေတဲ့ လူငယ်ထုတွေအနေနဲ့ကတော့ ဒါအဖြေ မဟုတ်ဘူးလို့ထင်တယ်၊ တကယ့်အဖြေက အားလုံးပါဝင်တဲ့တွေ့ဆုံတဲ့နိုင်ငံရေးတန်းတူညီတူရှိတဲ့ဆွေးနွေးဝိုင်းတွေ အဲ့ကနေဘဲသွားမှအဆင်ပြေမယ်လို့ထင်တယ် ၊ ဒါက ကျမတို့ရဲ့အမြင်ပေါ့၊ ဒါပေမဲ့ ကျမတို့ကအာဏာလက်ထဲရှိသူတွေမဟုတ်တော့ အာဏာရှိသူတွေကို သွားမေးရင်ပိုကောင်းမယ်။

KnIC – မနက်ဖန်လှုပ်ရှားမှုကလေတစ်စုတစ်ဖွဲ့ထဲကလုပ်တာလား၊ ဘယ်လိုပုံစံနဲ့ လုပ်တာလဲဗျ။
မအိသဉ္စာမောင် – တစ်စုတစ်ဖွဲ့ထဲလုပ်တာမဟုတ်ဘူးပေါ့နော်၊ ဗမာတွေအများစုနေတဲ့ ပြည်နယ်တွေမှာလဲ နိုင်ငံရေးတက်ကြွလှုပ်ရှားတဲ့သူတွေက တိုင်းရင်းသားဒေသမှာရှိတဲ့လူငယ်တွေနဲ့ တစ်စိတ်တစ်ဝမ်းထဲအတူတူပါဘဲ တိုင်းရင်းသားတို့ရဲ့လိုအပ်ချက်ကလဲ ကျမတို့ရဲ့လိုအပ်ချက်ပါဘဲ သူတို့ရဲ့တောင်းဆိုချက်ကလဲကျမတို့ရဲ့တောင်းဆိုချက်ပါဘဲ သူတို့ရဲ့ သမိုင်းကြောင်းမှန်အတွက်အမှန်တရားအတွက်တိုက်ပွဲဝင်တာကလဲ ကျမတိုနဲ့အတူတူဘဲ တစ်သားတည်းရှိတယ်ဆိုတာကိုပြချင်လို့ တစ်ဦးတစ်ဖွဲ့လုပ်တာမဟုတ်ဘဲ ဒီဘက်က အဲ့လိုစိတ်ဓာတ်ရှိတဲ့လူငယ်တွေစုပေါင်းလုပ်တာပါရှင်။

KnIC – ကျေးဇူးတင်ပါတယ်ခင်ဗျ။

(လူ့ဘောင်သစ် လူငယ် (YNS) ဥက္ကဌ မအိသဉ္စာမောင်ကို တွေ့ရစဉ်)

Photo – Ei Thinzar Maung FB

Leave a Reply

Your email address will not be published. Required fields are marked *