
ထရိုဂျန်မြင်းရုပ်ကြီးထဲမှာ ဘာတွေပါလာသလဲဆိုတာကို Troy မြို့ခံ ထရိုဂျန်လူမျိုးတွေက မသိခဲ့ ကြပါဘူး။ မြင်းရုပ်ကြီးကို သူတို့မြို့ထဲထိ ယူလာပြီးတဲ့အခါကျမှပဲ ထရိုဂျန်တွေဟာ မြင်းရုပ်ထဲမှာ ပုန်းအောင်း ပါလာတဲ့ ဂရိလူမျိုးတွေရဲ့ ဖျက်ဆီးခြင်းကိုခံခဲ့ရပါတယ်။ Troy မြို့ လည်း ပြာကျသွားခဲ့ပါတယ်။ မြင်းရုပ်ကြီး ကို မြို့ထဲယူလာတဲ့အခါမှာ ထရိုဂျန်တွေကို သတိပေးသူ၊ ကန့်ကွက်သူတွေရှိပေမယ့် အဲဒါတွေကို သူတို့ လစ်လျူရှုခဲ့ကြပါတယ်။ ဒါကတော့ ဂရိဒဏ္ဍာရီပုံပြင်တစ်ပုဒ်ပေါ့။
ကရင်နီပြည်မှာတော့ ဒဏ္ဍာရီပုံပြင်မဟုတ်တဲ့မြင်းရုပ်ကြီးတစ်ခု ရောက်လာပါပြီ။ သူနဲ့ပါလာတဲ့ အန္တရယ်တွေလည်း ကရင်နီတို့ရဲ့ အမျိုးသားရေးအနာဂါတ်ကို ခြိမ်းခြောက်နေပါတယ်။ ဒါကြောင့်လည်း ကရင်နီတွေ ထ ကန့်ကွက်ကြတာပေါ့။ ထရိုဂျန်မြင်းရုပ်နဲ့မတူတာက လွိုင်ကော်ကမြင်းရုပ်နဲ့ပါလာတဲ့ အန္တရယ်တွေက အထင်းကြီးဖြစ်နေတာပါပဲ။ အန္တရယ်ကိုမြင်တော့ လူထုကိုယ်စား လူငယ်တွေဦးဆောင်ပြီး သတိပေးတော့ ရုပ်တုကိုသယ်လာသူတွေက လက်မခံကြပါဘူး။ သူတို့လည်းသူတို့အမြင်နဲ့ပေါ့။ ထရိုဂျန် တွေ မြင်းရုပ်ကိုယူခဲ့တုန်းက အောင်ပွဲရအထိမ်းအမှတ်ပစ္စည်းအနေနဲ့ ယူခဲ့ကြတာလေ။ ဂုဏ်ယူရမယ့် အရာပဲ။ ဘာလို့ကန့်ကွက်ရမှာလဲ ဆိုပြီးတော့ ပြောကြပါတယ်။
လွိုင်ကော်မှာလည်း အဲသလိုပါပဲ။ လွတ်လပ်ရေးဖခင်ကြီး၊ လွတ်လပ်ရေးဗိသုကာကြီး၊ အာဇာနည်ခေါင်းဆောင်၊ ဂုဏ်ပြုသင့်ဂုဏ်ပြုထိုက်တဲ့သူပဲ။ ဘဏ္ဍာငွေကို ဘယ်လိုနည်းနဲ့ပဲရရ၊ ဘယ်လိုပဲ ခိုးကြောင်ခိုးဝှက် လုပ်ရလုပ်ရ၊ ဒီရုပ်တုကို မရ ရအောင်တည်မယ် ဆိုပြီးတော့ ကန့်ကွက်မှုတွေကြားထဲက တည်သွားခဲ့ကြတယ်။
ပေးကြတဲ့ ချီးမွမ်းခြင်းနဲ့အသိအမှတ်ပြုမှုတွေက မြင်းပေါ်ကပုဂ္ဂိုလ်နဲ့ ထိုက်တန်ကောင်း ထိုက်တန်ပါလိမ့်မယ်။ အဲဒါလည်း သမိုင်းကို ဘယ်ရှုထောင့်ကနေဖတ်သလဲ၊ ဘယ်သူရေးတဲ့ သမိုင်းကို ဖတ်သလဲ ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ ဒါပေမယ့် တဘက်စောင်းနင်းရေးထားတဲ့ သမိုင်းအပေါ်မှာ အခြေခံပြီး ဝင်လာတဲ့ဒီမြင်းရုပ်ဟာ တကယ်တော့ ကရင်နီတို့ရဲ့ သမိုင်းအမှန်ကို ထပ်လောင်း ဖျောက်ဖျက်ဖို့ ရည်ရွယ်ချက်နဲ့လာတာပါ။
လူတစ်မျိုးကို ပျောက်ကွယ်သွားအောင် လုပ်လာခဲ့တဲ့ စနစ်တကျစီမံကိန်းတွေရဲ့ ဝိသေသနဲ့ အပိုင်းအစတစ်ခုပါပဲ။ မဟာလူမျိုးကြီးဝါဒ အကောင်အထည်ဖော်မှုရဲ့ သာဓက တစ်ခုပေါ့။ ဒီလိုပြောတော့ လည်း တိုင်းရင်းသားတွေအမြင်ကျဉ်းတယ် ပြောဦးမယ်။ ဒါပေမယ့် ဝါဒတစ်ခုက တခြားသူအတွက် ဘယ်လောက်ပဲဆိုးဆိုး အဲဒီဝါဒရဲ့ကောင်းကျိုးကိုခံစားရပြီး အဲဒီရှုထောင့်ကနေပဲကြည့်ရင်တော့ တခြားသူ တွေ မှားတာပေါ့။ အမြင်မကျယ်ကြဘူးပေါ့။ ဆယ်စုနှစ်ပေါင်းများစွာ အဖိနှိပ်ခံနေရတဲ့သူတွေရဲ့ နေရာကနေ ဘယ်လိုလို့ စဉ်းစားပေးနိုင်မလဲ။
ပိုဆိုးတာက အဖိနှိပ်ခံရသူတချို့ ကိုယ်တိုင်က ဝါဒဆိုးအမြင်နဲ့ မျှောပါသွားတဲ့အဖြစ်ပဲ။ ထရိုဂျန်မြင်းရုပ်ကို ကိုယ်တိုင်ပါဝင်ဆောက်လုပ်ပြီး ကိုယ့်ပြည်ထဲကို သယ်လာတာ သူတို့ပဲ မဟုတ်လား။
လက်ရှိအခြေအနေမှာ ဒီမြင်းရုပ်ကို ဖယ်ရှားလိုက်ခြင်းဟာ ဝါဒဆိုးနဲ့စနစ်ဆိုးကို ပယ်ဖျက်ဖို့ အကောင်းဆုံး ပထမခြေလှမ်းတစ်ခုဖြစ်မှာဖြစ်သလို တန်းတူရေးကိုအခြေခံပြီး အပြန်အလှန်လေးစား အသိအမှတ်ပြုမှုရှိတဲ့ လူမှုအသိုင်းအဝန်းအသစ်တစ်ခုကို တည်ဆောက်ရာမှာ အထောက်အကူ ဖြစ်စေပါလိမ့်မယ်။ ကရင်နီတွေ ထရိုဂျန်မြင်းအကြောင်းကို ကောင်းကောင်းသိပါတယ်။ ထရိုဂျန်သားတွေ လိုတော့ အဖြစ်ခံမှာမဟုတ်ဘူး။ တစ်ခုပဲရှိတာက မြင်းရုပ်ယူလာတဲ့သူတွေက သမိုင်းတရားခံဖြစ်ချင် ရင်တော့ အဲဒါသူတို့ရဲ့ ရွေးချယ်မှုပေါ့။
မူလကရင်နီ
စာရေးသူ၏ အာဘော်သာဖြစ်ပြီး KnIC ၏သဘောထားအမြင်မဟုတ်ပါကြောင်း။