ငါးဂိမ်းနှင့် ကြက်ဝိုင်းများ ဖယ်ရှားပေးစေလို

Spread the love

” ကစားဝိုင်းက အသံတွေတအားဆူညံတယ်၊ အော်ကြီးဟစ်ကျယ်နဲ့.. မနက် တစ်နာရီ နှစ်နာရီအထိဆော့တယ်၊ အခုကလေးတွေစားမေးပွဲဖြေချိန်ဆိုတော့ အသံတိုးပေးဖို့သွားပြောတာ ငါတို့က ဂိမ်းဖွင့်ဖို့အတွက် ဂိမ်းကြေးပေးထားပြီးသားလို့ပြောတယ်”

လွိုင်ကော်မြို့နယ် ပန်ကန်းကျေးရွာအုပ်စု စိုက်ကွင်းသုံးကျေးရွာရှိ ဧမာနွေလ နှစ်ခြင်းခရစ်ယာန်ဘုရားရှိခိုးကျောင်းအနောက်ဘက်တွင် ငါးဂိမ်း နှင့် ကြက်ပွဲများလောင်းကစားနေခြင်းကြောင့် ပတ်ဝန်းကျင်နေအိမ်များအတွက် စိတ်အနှောင့်အယှက်ဖြစ်နေရကြောင်းသိရသည်။ ငါးဂိမ်းနှင့်ကြက်ဝိုင်းစတင်ခဲ့သည်မှာ လွန်ခဲ့သည့် ၂ လကဖြစ်ပြီး ဦးဆောင်သူမှာ စိုက်ကွင်း ၃ ကျေးရွာ ဆယ်အိမ်မှူး ဦးစိုးဆိုသူဖြစ်ပြီးကြောင်းသိရသည်။

ငါးဂိမ်းကစားဝိုင်းမှာ မနက် ၂ နာရီဝန်းကျင်အထိ နေ့ တိုင်းကစားလေ့ရှိပြီး ကြက်ဝိုင်းမှာမူ သောကြာ၊ စနေ နှင့်တနင်္ဂနွေနေ့များတွင် ရှိကြောင်း စိုက်ကွင်း ၃ ကျေးရွာနေထိုင်သူများမှပြောသည်။

ကစားဝိုင်းများမှဆူညံသံများကြောင့်ပတ်ဝန်းကျင်အတွက်အနှောင့်အယှက်ဖြစ်သလို စာမေးပွဲကာလဖြစ်သည့်အတွက်ကြောင့်လည်း ကျောင်းသား/သူများအတွက်အနှောင့်အယှက်ဖြစ်နေရကြောင်း ဒေသခံများမှပြောသည်။

ကစားဝိုင်းကို ရပ်နားပေးဖို့ သွားရောက်ပြောဆိုရာမှာ ဆယ်အိမ်မှူး ဦးစိုး ဆိုသူက သူတို့အနေဖြင့် ဂိမ်းကစားဖို့အတွက် သက်ဆိုင်ရာကို ဂိမ်းကြေးပေးထားပြီဖြစ်ကြောင်းပြန်လည်ပြောဆိုသည်ဟု ကျေးရွာနေ ဒေသခံတစ်ဦးမှ KnIC သို့ပြောသည်။

” ကစားဝိုင်းက အသံတွေတအားဆူညံတယ်၊ အော်ကြီးဟစ်ကျယ်နဲ့.. မနက် တစ်နာရီ နှစ်နာရီအထိဆော့တယ်၊ အခုကလေးတွေစားမေးပွဲဖြေချိန်ဆိုတော့ အသံတိုးပေးဖို့သွားပြောတာ ငါတို့က ဂိမ်းဖွင့်ဖို့အတွက် ဂိမ်းကြေးပေးထားပြီးသားလို့ပြောတယ်” ဟုဆိုသည်။

ယင်းကိစ္စကို စိုက်ကွင်း ၃ ကျေးရွာအုပ်ချုပ်ရေးမှူးကို တိုင်ကြားခဲ့သော်လည်း အရေးတယူမလုပ်ကြောင်း ဒေသခံနောက်တစ်ဦးကပြောသည်။

” အုပ်ချုပ်ရေးမှူးကို သွားတိုင်တာ ၂ ခါ ရှိပြီ ၊ အေးပါ.. အေးပါဘဲပြောပြီး ခုထိဘာမှမလုပ်ပေးဘူးဟုဆိုသည်။

ဂိမ်းရုံရှိရာသို့နေ့စဉ် ဆိုင်ကယ် ကားများနှင့်စည်ကားနေပြီး လာရောက်ကစားသည့်ကားများထဲတွင် သာသနာ့အလံတပ်ဆင်ထားသည့်ကားများပါဝင်ကြောင်းလည်းသိရသည်။ ကစားဝိုင်းကြောင့် လူမှုရေးပြသနာများဖြစ်ပေါ်နေပြီး မိသားစု ဆဲဆိုရန်ပွဲများမကြာခဏဖြစ်ပေါ်လေ့ရှိသည်ဟုသိရသည်။

ငါးဂိမ်းပိုင်ရှင်မှာ တရုတ်လူမျိုးဖြစ်ပြီး ဆယ်အိမ်မှူးဦးစိုးက ကြီးကြပ်ဦးဆောင်ပေးနေတာဖြစ်ကြောင်းလည်း ကျေးရွာနေပြည်သူများမှ ပြောသည်။

NLD အစိုးရ တာဝန်ယူပြီးနောက်ပိုင်း ကရင်နီပြည် (ကယား) တွင် လောင်းကစားများပပျောက်အောင်ဆောင်ရွက်မည်ဟု ကြွေးကြော်ခဲ့သော်လည်း လောင်းကစားဝိုင်းများပပျောက်ခြင်းမရှိသေးကြောင်းသိရသည်။

ဂိမ်းရုံရှိရာဝန်းကျင်တွင်နေထိုင်သည့်ဒေသခံများအနေဖြင့် ဂိမ်းရုံးနှင့် ကြက်ဝိုင်းကို ဖယ်ရှားပေးဖို့ လိုလားနေကြောင်းလည်းသိရသည်။

(ကစားဝိုင်းတွင် သာသနာ့အလံနှင့်လာရောက်သည့်ကားကိုတွေ့ရစဉ်)

Leave a Reply

Your email address will not be published. Required fields are marked *