မြေသိမ်းခံဒေသခံတစ်ဦးဖြစ်သည့် နော်ဟဲကလေထူး ကို KnIC မှဆက်သွယ်မေးမြန်းထား

Spread the love

” အခုစစ်နေတဲ့လွှတ်တော်က တိုင်စာပစ်စာ လေ့လာဆန်းစစ်ရေးကော်မတီက အမှန်တရားကိုဘဲလုပ်တယ်၊ ပြည်သူဘက်က ရပ်တည်တယ်လို့ ကျမတို့ယုံကြည်တယ်၊ လွှတ်တော် ဥက္ကဌကိုလဲ ကျမတို့ ယုံတယ်။ မတရားအသိမ်းခံရတဲ့မြေတွေလဲ ပြန်ရမယ်လို့ယုံကြည်ပါတယ်”

ကရင်နီပြည် (ကယား) လွိုင်ကော်မြို့နယ်အတွင်းရှိ မထောခူ ကျေးရွာအုပ်စုတွင် စရဖ တပ်မှူးဦးထွန်းရွှေ (ငြိမ်း) မှ သိမ်းဆည်းထားသည့် မြေဧက ၁၀၀ ကျော်ထဲက ဧက ၄၀ ကိုပြန်လည်ပေးအပ်ဖို့ ဒေသခံတောင်သူများမှ သက်ဆိုင်ရာ ပြည်နယ်အစိုးရ ၊ လွှတ်တော် ဆီကို တင်ပြတောင်းဆိုထားသည်ဟုသိရသည်။

ဦးထွန်းရွှေမြေသိမ်းယူမှုမှာ မတရားကြောင်းပေါ်လွင်သဖြင့် မြေများမူလ ပိုင်ရှင်ထံပြန်လည်ရောက်ရှိဖို့ ဆောင်ရွက်ပေးမည်ဟု မြေသိမ်းခံတောင်သူများကို ပြည်နယ်ဝန်ကြီးချုပ်မှ ကတိပေးခဲ့သော်လည်း ယခုအချိန်ထိ အခြေအနေမထူးခြားသေးကြောင်းသိရသည်။

၂၅.၁.၂၀၁၉ တွင် မြေသိမ်းကိစ္စနှင့်ပတ်သက်ပြီး ပြည်နယ်လွှတ်တော်ရုံးတွင် ဖြေရှင်းဖို့ တိုင်စာပစ်စာလေ့လာ ဆန်းစစ်ရေးကော်မတီ၊ မြေသိမ်းခံတောင်သူများနှင့် ဦးထွန်းရွှေတို့တွေ့ဆုံဖို့ စီစဉ်ထားခဲ့သော်လည်းဦးထွန်းရွှေ မှ တွေ့ဆုံရှင်းလင်းပွဲသို့ တက်ရောက်ခဲ့ခြင်းမရှိဟု သိရသည်။

မြေသိမ်းခံဒေသခံတစ်ဦးဖြစ်သည့် နော်ဟဲကလေထူး ကို KnIC မှဆက်သွယ်မေးမြန်းထားသည်။

KnIC – မထောခူကျေးရွာအုပ်စုကတောင်သူတွေရဲ့မြေကို အငြိမ်းစားယူသွားတဲ့ စရဖတပ်မှူး ဦးထွန်းရွှေက သိမ်းထားတယ်လို့ပြောတယ်။ အဲ့ကိစ္စနောက်ခံသမိုင်းကြောင်းလေး အကျဉ်းချုပ်ပြောပြပါလားဗျ။

နော်ဟဲကလေထူး – ၂၀၀၀ ခုနှစ်တုန်းကပေါ့ ၊ အခုလက်ရှိဒေါတမရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခင်ဦးပေါ့နော် ၊ သူ့ဆီမှာဝယ်ခဲ့တာ၊ အဲ့တုန်းက တစ်ဧက ခုနှစ်သောင်း၊ ရှစ်သောင်း အမျိုးမျိုးဈေးရှိတာပေါ့နော် ၊ တစ်ယောက်ကို ငါးဧက အဲ့လို ရောင်းပေးခဲ့တာ။ ၂၀၀၆ ခုနှစ် ၆ လပိုင်းကျတော့ နယ်မြေလုံခြုံရေးအရထွက်ခွာရမယ်ဆိုပြီးစာထွက်တယ်၊ သုံးရက်အတွင်းထွက်ခွာရမယ်ဆိုပြီးပြောလာတယ်၊ အဲ့ဒီမှာကျမတို့ဘက်က ၂၄ ယောက်လက်မှတ်ထိုးပေးရတာရှိတယ်။ ညတွင်းချင်းထွက်ခွာခဲ့ရတာပေါ့။

KnIC – ထွက်ခွာဖို့ဆိုပြီး အမိန့်ထုတ်ခဲ့တာက ဘယ်သူလဲဗျ။

နော်ဟဲကလေထူး – အဲ့တုန်းက ဘယ်သူကစာထုတ်လဲဆိုတာကို ကျမတို့မသိဘူး၊ စစ်အစိုးရခေတ်ဆိုတော့လေ၊ မေးလဲမပြောပြဘူး၊ မြို့နယ်ကထုတ်တယ်ဆိုလဲ အဲ့စာပြန်ထုတ်ပေးပေါ့ ၊ ကျမတို့သံသယရှိတာက ဦးထွန်းရွှေက လွိုင်ကော်ကို ၂၀၀၅ မှာရောက်လာတယ် ၂၀၀၆ မှာကျမတို့ထွက်ခွာဖို့စာထွက်တယ်၊ ၂၀၀၆ ၊ ၁၁ လ ပိုင်းကျတော့ ဦးထွန်းရွှေက မြေတွေသိမ်းလိုက်တယ်ဆိုတော့ သူ့လက်ချက်လို့ဘဲ ကျမတို့ယူဆမိတယ်။

KnIC – ဦးထွန်းရွှေက မြေဧက တစ်ရာကျော်ကို သူတစ်ယောက်ထဲဘဲ ပိုင်သွားတယ်ဆိုတော့ ဘယ်လိုပုံစံမျိုးနဲ့ပိုင်သွားတယ်လို့ သိရလဲ။

နော်ဟဲကလေထူး – ကျမတို့သိတာကတော့ မထောခူရွာက အုပ်ချုပ်ရေးမှူးဦးကျောက်ခဲပေါ့၊ သူနဲ့ပူးပေါင်းလုပ်တယ်၊ ပြီးတော့မြေစာရင်းက ပုံစံ (၇) ထုတ်ပေးတယ်ပေါ့။ လွှတ်တော်က မြေစာရင်းတာဝန်ရှိသူ ဇော်ဝင်းထွန်းကိုစစ်တော့ သူက မြေနဲ့ပတ်သက်ပြီး ဦးထွန်းရွှေကို မပေးခင်မှာ ကန့်ကွက်လွှာခေါ်တယ်လို့ပြောတယ်။ အဲ့တာလွှတ်တော်က ကန့်ကွက်လွှာပုံစံယူလာခိုင်းတော့ Date မပါဘူး ၊ အလောတကြီးလုပ်ထားတာသိသာနေတော့ ဒါက အတုဘဲဆိုပြီး လွှတ်တော်က ပယ်ချလိုက်တယ်။ ပြီးတော့အဲ့နားကရေနီကန်ရွာ ဥက္ကဌ ဦးအောင်မင်းကလဲပြောတယ် ကန့်ကွက်လွှာခေါ်ခဲ့တာလုံးဝမရှိဘူးပေါ့။

KnIC – ပြည်နယ်အစိုးရအနေနဲ့ရော ဘာတွေဆောင်ရွက်ပေးတာမျိုးရှိလဲဗျ။

နော်ဟဲကလေဖော – ကျမတို့ပြည်နယ်ဝန်ကြီးချုပ်၊လွှတ်တော် ဥက္ကဌတို့နဲ့ နောက်ဆုံးတွေ့တဲ့အချိန်မှာ လွှတ်တော်ဥက္ကဌက ဒီကိစ္စဟာအောက်ခြေ အကျင့်ပျက်တာကြောင့်ဖြစ်ရတာဖြစ်တယ်၊ မူလမြေပိုင်ရှင်ကိုပြန်ပေးဖို့ပြောတယ်၊ အဲ့တာဝန်ကြီးချုပ်က ဦးထွန်းရွှေဘက်မှန်တယ်ဆိုတာကို သူမှားယွင်းပြီးဆုံးဖြတ်ခဲ့တဲ့အပေါ် စိတ်မကောင်းဘူးပေါ့၊ အထက်ကိုပြင်ဆင်မိန့်တင်ပြီး မြေပိုင်ရှင်တွေ ပြန်ရအောင်လုပ်ပေးမယ်လို့ ကတိပေးတယ်၊ ဒါပေမဲ့ခုထိ ဘာမှမဖြစ်လာသေးဘူး။

KnIC – ပြီးခဲ့တဲ့သောကြာနေ့ မှာ ဒီပြသနာရှင်းဖို့ ပြည်နယ်လွှတ်တော်မှာတွေ့ကြတော့ ဦးထွန်းရွှေဘက်က မလာဘူးလို့သိရတယ်။ ဘာ့ကြောင့်လို့ထင်လဲ။

နော်ဟဲကလေဖော – မြေကိစ္စနဲ့ပတ်သက်ပြီး ငါးကြိမ်တွေ့တယ်၊ ဦးထွန်းရွှေဘက်က တစ်ကြိမ်ဘဲတက်တယ်၊ ကျန်တဲ့အချိန် သူ့ကိုယ်စားဆိုပြီးတက်တယ်၊ ဒါပေမဲ့ဘာမှ မဖြေရှင်းတတ်ဘူး၊ ကျမထင်တာ ဦးထွန်းရွှေက ဒီကိစ္စကို မရှင်းနိုင်လို့ ခေါင်းရှောင်နေတာ ဖြစ်မယ်။ နောက်ဆုံးတွေ့တဲ့အခေါက်လဲ သူမလာဘူး၊ သူသိမ်းထားတဲ့မြေတွေကနေ ရောင်းထားပေးတဲ့သူဘဲလာတယ်။

KnIC – ဒီမြေတွေပြန်ရမယ်လို့ထင်လား၊ ဘယ်လိုမျှော်လင့်ထားလဲ။

နော်ဟဲကလေထူး – အခုစစ်နေတဲ့လွှတ်တော်က တိုင်စာပစ်စာ လေ့လာဆန်းစစ်ရေးကော်မတီက အမှန်တရားကိုဘဲလုပ်တယ်၊ ပြည်သူဘက်က ရပ်တည်တယ်လို့ ကျမတို့ယုံကြည်တယ်၊ လွှတ်တော် ဥက္ကဌကိုလဲ ကျမတို့ ယုံတယ်။ မတရားအသိမ်းခံရတဲ့မြေတွေလဲ ပြန်ရမယ်လို့ယုံကြည်ပါတယ်။

KnIC – ခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးပါ ခင်ဗျား။

Photo – KnIC

(ဦးထွန်းရွှေမှ မတရားသဖြင့် သိမ်းဆည်းထားသည့်မြေများကို ပြန်လည်ပေးအပ်ရန် မြေသိမ်းခံတောင်သူများမှ လွိုင်ကော်မြို့တွင် လှည့်လည်ဆန္ဒ ဖော်ထုတ်စဉ်)

Leave a Reply

Your email address will not be published. Required fields are marked *