ကယားပြည်နယ်အစိုးရရုံးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များတွေ့ဆုံ

Spread the love
(ကယန်းမျိုးဆက်သစ်လူငယ် KNGY အတွင်းရေးမှူး ခွန်းသောမတ်စ်ကို တွေ့ ရစဉ်)
Photo Credit – Khun Thomas FB

မနေ့ ၂၂.၁.၂၀၁၉ ရက်နေ့တွင် ကယားပြည်နယ်အစိုးရရုံးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များတွေ့ဆုံခဲ့ကြသည်။

တွေ့ဆုံပွဲတွင် လူထုကန့်ကွက်မှုမြင့်တက်နေသည့် လွိုင်ကော်မြို့အထင်ကရ နောင်ယားကန်ဘေးရှိ သစ်တောဥယျာဉ်တွင် ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားရေးရုံးတည်ဆောက်မည့် အစီအစဉ်အပေါ် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီများ၏ ကိုယ်စားလှယ်များထံမှ သဘောထား တောင်းခံခဲ့ကြောင်းသိရသည်။

ယင်းကဲ့သို့သဘောထားကောက်ခံရာတွင် ကယန်းစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ဦးနန်းရီက သဘောတူသည်ဟု ဦးဆောင်ဆွေးနွေးခဲ့ပြီး အခြားတိုင်းရင်းသားအဖွဲ့များကိုပါသဘောတူရန် ဦးဆောင်ဆွေးနွေးခဲ့ပြီး ကယား၊ ကရင်အဖွဲ့များမှ ကန့်ကွက်ခဲ့ကြောင်းသိရသည်။

ဦးနန်းရီ၏ ထောက်ခံဆွေးနွေးမှုအပေါ် ကယန်းမျိုးဆက်သစ်လူငယ် (KNGY) အတွင်းရေးမှူး ခွန်းသောမတ်စ် မှ KNGY ၏ သဘောထား မှတ်ချက်ကို KnIC မှ မေးမြန်းရာ အောက်ပါအတိုင်းပြောကြားခဲ့သည်။

” ကျနော်တို့ မှတ်ချက်ပြုလိုတာတစ်ခုဘဲရှိတယ်၊ နောင်ယားကန်အတွက်ရေဝေရေလဲ အတွက်အရေးကြီးတဲ့သစ်တောဥယျာဉ်မြေနေရာမှာ ကုမ္ပဏီတွေ ရင်းနှီးမြုပ်နှံမှုရုံးဆောက်မဲ့ကိစ္စပေါ့၊ အဲ့ကိစ္စကို ထောက်ခံဆွေးနွေးတဲ့လူက ကယန်းစာပေယဉ်ကျေးမှုကို ဘယ်အတိုင်းအတာအထိ ကိုယ်စားပြုလဲဆိုတာမေးရမလိုဖြစ်နေပြီ။ ဆိုတော့ ကယန်းစာပေနဲ့ ယဉ်ကျေးမှုမှာသွားထောက်ခံဆွေးနွေးတဲ့ လူတွေက.. အခြားသူ
တွေထောက်ခံလာအောင်ဆွေးနွေးတဲ့သူတွေက ဗဟိုထဲမှာမပါဘူး၊ ဒေသ စာပေနဲ့ ယဉ်ကျေးမှုကဖြစ်တယ်၊ နာမည်တော့ ကျနော်မပြောလိုဘူး။ ဆိုတော့ အခုလိုလုပ်လိုက်တာကမကောင်းဘူးဗျ၊ ကယန်းစာပေယဉ်ကျေးမှုဆိုတာ ကယန်းလူမျိုးတစ်ခုလုံးရဲ့ဂုဏ်သိက္ခာဖြစ်တယ်။ အခုလို ထောက်ခံတယ်ဆိုတဲ့နာမည်ပါသွားတော့ ကယန်းတွေကြားမှာ ညီညွတ်ရေးကိုထိခိုက်လာနိုင်တယ်။ ရှေ့ဆက်ပူးပေါင်းဆောင်ရွက်ရမဲ့ကိစ္စလဲ လမ်းကြောင်းလွှဲသွားနိုင်တယ်။ ကျနော်တို့ကတော့ အဲ့လိုဘဲမှတ်ချက်ပြုတယ်။

ပြီးတော့ ကယားပြည်နယ်အစိုးရက ခေါ်တွေ့တယ်ဆိုရင် အမြဲတန်း အဲ့လိုဖြစ်တယ်။ ဘယ်လိုလုပ်လိုက်ရင်ဘယ်လိုဖြစ်မယ်ဆိုတာသူတို့သိတယ်၊ ဒီမှာက ကယား ၊ ကယန်းမျိုးနွယ်စုက လူဦးရေများတော့ သူတို့သဘောထားရရင် ကျန်တာဂရုစိုက်စရာမလိုဘူး ဆိုတဲ့ပုံစံမျိုးနဲ့လုပ်တာ။ ဆိုတော့ ကျနော်တို့ကြားမှာ သွေးကွဲစေမဲ့ကိစ္စဖြစ်အောင် တာဝန်ရှိသူရော တာဝန်မရှိသူရောလုပ်တာကို ကျနော်တို့စိတ်မကာင်းဘူးပေါ့ဗျာ” ဟု မှတ်ချက်ပြု ပြောကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *