မြေသိမ်းဆည်းခံဒေသခံ ကိုဒါးရီယိုကို KnIC မှ ဆက်သွယ်မေးမြန်း

Spread the love

တပ်မတော်နှင့် ပစ်ခတ်ရပ်စဲရေးယူထားသည့် ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွှတ်မြောက်ရေးတပ်ဦး (က.လ.လ.တ) ဥက္ကဌ၏ ဇနီး ဒေါ်နော်အယ်ကာ (ခ) ဒေါ်မကာမှ လွိုင်ကော်မြို့ ပန်ကန်းကျေးရွာအုပ်စု ထူဒူငံသကျေးရွာပိုင် မြေများကို ထိန်းသိမ်းထားပေးမည်ဟုဆိုကာ နောက်ပိုင်းတွင် မြေစာရင်းနှင့်ပူးပေါင်းပြီး မြေပိုင်ဆိုင်ခွင့်ပုံစံ ထုတ်ကာ အပြီးအပိုင် သိမ်းယူခဲ့သည်ဟု သိရသည်။ မြေသိမ်းဆည်းခံဒေသခံ ကိုဒါးရီယိုကို KnIC မှ ဆက်သွယ်မေးမြန်းထားသည်။

ကရင်နီပြည် (ကယား)တွင် ဒေသခံများ၏ မြေယာများကို သိမ်းဆည်းရာတွင် တပ်မတော်နှင့်အပစ်ခတ်ရပ်စဲရေး ယူထားသည့် အဖွဲ့အစည်းမှ ခေါင်းဆောင် အသိုင်းအဝိုင်းများပါဝင်နေသည်ဟု သိရသည်။

KnIc – ကိုဒါးရီယို ခင်ဗျ ။ ထူဒူငံသရွာ ဒေသခံမြေတွေကို (က.လ.လ.တ) ဥက္ကဌ ဇနီးသည်က ထိန်းသိမ်းထားပေးမယ်ဆိုပြီး သိမ်းယူသွားတယ်လို့သိရတယ်။ အဲ့အခြေအနေ ဘယ်ကနေ ဘယ်လိုစဖြစ်တယ်ဆိုတာ ကြောပြပါဦးခင်ဗျ။

ကိုဒါးရီယို – အဲ့ဒီတုန်းက ဦးထွန်းကျော်ကပေါ့လေ ရွာသားတွေရဲ့မြေကိုထိန်းသိမ်းထားပေးမယ်ပြောတယ်။ အဲ့တာရွာသားတွေကကြားတော့ အေး… ကောင်းတာပေါ့ သူက ကယားပြည်ထဲကဘဲဘဲဆိုတော့ ထိန်းသိမ်းထားခိုင်းလိုက်တယ်။ အဲ့တာသူတို့က နှစ်ရှည်ပင် စိုက်ထားတာပေါ့။ အဲ့တုန်းက၂၀၀၈ ဝန်းကျင် စစ်အစိုးရခေတ်ဆိုတော့ တပ်ကသိမ်းမှာကြောက်တယ်လေ။ ၂၀၁၂ ကျတော့ သူများတွေကပြောလာတယ် မင်းတို့မြေ သိမ်းလိုက်ပြီး ဦးထွန်းကျော်မိန်းမ ဒေါ်မကာက သိမ်းတာပေါ့လေ။ အဲ့တာကျနော်တို့ပြန်လိုက်သေးတယ်။ ခြံစောင့်က ထိန်းသိမ်းခပြန်ပေးရင် မြေပြန်ပေးမယ်လိုလိုနဲ့ နောက်တော့ လုံးဝ ပြန်မပေးနိုင်တော့ဘူးတဲ့ ကျနော်တို့်လဲ ဘာလုပ်ရမှန်းမသိဘူး၊ အခုထိဘဲ။

KnIC – သိမ်းခံရတဲ့မြေတွေက ဘယ်တုန်းကတည်းကလုပ်လာတာလဲ၊ ပြေစာတွေရောရှိလားဗျ။

ကိုဒါးရီယို – ၁၉၇၅ အဖိုးလက်ထက်ကတည်းက အဲ့မြေနေရာတွေကိုခုတ်ပြီးလုပ်လာတာ ၊ ပြေစာတော့ အားလုံးမရှိဘူး၊ ကျနော်တို့က ရိုးရာဓလေ့ မြေပိုင်ဆိုင်မှုအရ လုပ်လာတာ။ တစ်ချို့ ဆီမှာတော့ ပြေစာရှိတယ်။ ကျနော့်အဘိုးလက်ထက်ကတည်းကလုပ်လာတဲ့ ဘိုးဘွားပိုင်မြေပါ။

KnIC – ဒီကိစ္စကို အစိုးရနဲ့ လွှတ်တော်ဘက်ကခေါ်ရှင်းတယ်သိရတယ် အဲ့အခြေအနေပြောပြပါဦးဗျ။

ကိုဒါးရီယို – ခေါ်ပါတယ်မြို့နယ်ရုံးမှာ ကျနော်တို့အားလုံး ၁၃ ယောက်ပေါ့နော်။ နောက်တော့သူတို့ကပြောတယ် မင်းတို့လူကများတော့ပြန်ပေးရမှာခက်တယ်ဆိုပြီး ၊ လူခွဲတွေ့တယ်၊ သုံးကြိမ်ခေါ်တယ် ပန်ကန်းမြေစီက၊ ခေါ်တဲ့အချိန်ကျတော့ ဒေါ်မကာ ဘက်က မလာဘူး၊ အဲ့တာကျနော်ကမေးတယ် သူ့ဘက်ကမလာတော့ ဘယ်လိုရှင်းမလဲပေါ့ ၊ သူတို့ကခေါ်တယ် ဒေါ်မကာ က မလာဘူး၊ အဲ့လိုဘဲပြောတယ်၊ နောက်ဆုံးခေါ်တဲ့ခေါက်ကျတော့ ဒေါ်မကာ ကိုမြေပေးလိုက်ပြီဆိုတဲ့အသိပေးစာ ပေးတယ်၊ မကျေနပ်ရင် အထက်ကိုဆက်တက်၊ အဲ့လိုပြောတယ်လေ။

KnIC – ဒေသခံတွေဘက်ကမြေစာရင်းကို မြေပိုင်ဆိုင်ကြောင်း ပုံစံသွားလျှောက်တာရှိလား ၊ လျှောက်ရမယ်လို့ မြေစာရင်းက အသိပေးတာမျိုးရှိဖူးလား။

ကိုဒါးရီယို – အဲ့တာကတော့မရှိဖူးဘူး၊ လျှောက်ရမှန်းလဲမသိဘူး၊ မြေစာရင်းကလဲမပြောဘူး၊ ကျနော်တို့က အရင်ကတည်းက ရိုးရာဓလေ့ပိုင်ဆိုင်မှုအရဘဲ လုပ်ခဲ့တာ၊ ပုံစံ ၁၀၅ တို့ ပုံစံ ၇ တို့ လုပ်ရမယ်လို့ သိတဲ့အချိန် မြေစာရင်းက ဒေါ်မကာကို ပုံစံထုတ်ပေးလိုက်ပြီ ၊ ကျနော်တို့လဲ ဘာဆက်လုပ်ရမှန်း မသိတော့ဘူး။

KnIC – အခု သိမ်းထားတာက ဒေသခံ ဘယ်နှစ်ဦးရဲ့မြေလဲ။ ပမာဏ လယ်လောက်ရှိလဲဗျ။

ကိုဒါးရီယို – ဒေသခံ ၁၃ ဦးရဲ့ မြေ ၁၉ ဧက လောက်ရှိမယ် အခုခြံခတ်ထားတယ်။

KnIC – အခုလိုဖြစ်သွားတဲ့အပေါ်ကိုဒါးရီယိုအနေနဲ့ ဘာပြောချင်လဲ။

ကိုဒါးရီယို – မတရားဘူးလို့မြင်တယ်၊ ယုံကြည်လို့အပ်ထားတာသူက အပိုင်ယူသွားတယ်၊ နောက်ပြီး ဥပဒေကလဲ အမှုစစ်တယ်ဆို နှစ် ဘက်လုံးကို စစ်သင့်တယ်။ အခုကကျနော်တို့ကိုဘဲ စစ်ပြီး ဟိုဘက်ကို မစစ်ဘဲ အနိုင်ပေးလိုက်တော့ငွေများတရားနိုင်ပုံစံမျိုးဖြစ်နေတယ်။

KnIC – လက်ရှိ နောက်ဆုံးအခြေအနေကဘယ်လိုရှိလဲ

ကိုဒါးရီယို – ကျနော်တို့ ၇ ယောက် မြို့နယ်ကို အယူခံတက်ထားတယ်။ သိမ်းတာကတောင်သူ ၁၃ ယောက်ရဲ့မြေ။ ဒါပေမဲ့ကျန်တဲ့လူတွေ အချိန်မပေးနိုင်တာ၊ အလုပ်မအားတာ ပြီးတော့ မြေက ပြန်မရတော့ဘူးထင်တယ်ဆိုပြီး စိတ်ဓာတ်တွေကျကုန်တာ၊ အဲ့တာကြောင့် ၇ ယောက်ဘဲ မြို့နယ်ကို အယူခံဆက်တက်ဖြစ်တာ။

KnIC – ဒီကိစ္စနဲ့ ပတ်သက်ပြီး သမ္မတအပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ဘာပြောချင်လဲဗျ။

ကိုဒါးရီယို – ဒီကိစ္စကို အမှန်တရားဖြစ်အောင်ပြန်ဖြေရှင်းပေးပေါ့နော်။ တောင်သူပိုင်မြေ တောင်သူတွေပြန်ရချင်တယ်လို့ ပြောချင်ပါတယ်။

KnIC – ကျေးဇူးပါကို ဒါးရီယိုခင်ဗျား။

Photo – ဒေါ်မကာကို မြေ ပိုင်ဆိုင်ခွင့်ပေးလိုက်ပြီဖြစ်ကြောင်း တောင်သူများထံ အသိပေးစာများထဲမှ တစ်ခုကိုတွေ့ရစဉ်

Leave a Reply

Your email address will not be published. Required fields are marked *