၆၇ နှစ်မြောက် ကယားပြည်နယ်နေ့တွင် အများပိုင်လမ်းကို ဝါးလုံးတားပြီး လမ်းဖြတ်သန်းခ ပိုက်ဆံကောက်

Spread the love

၆၇ နှစ်မြောက်ကယားပြည်နယ်နေ့တွင်အများပြည်သူပိုင်လမ်းမကြီးကို ဝါးလုံးတားပြီး ပိုက်ဆံကောက်ခံနေသည့်အတွက် ဒေသခံလူထုအကြား ဝေဖန်မှုများကြီးထွားနေသည်။

ဆိုင်ကယ်အပ်ခအတွက်ငွေပေးရသည်ကိုမပြောလိုသော်လည်း အခုလိုအများပိုင်လမ်းကို ဝါးလုံးတားပြီးငွေကောက်တာဟာ မဖြစ်သင့်သလို ခိုက်ရန်ဖြစ်ပွားမှု ပြသနာများဖြစ်လာနိုင်သည်ဟု ဒေသခံလူငယ်တစ်ဦးဖြစ်သည့် စောဒိုစိုး ကKnIC သို့ပြောသည်။ 

ဖြတ်သွားဖြတ်လာလုပ်နေတဲ့လမ်းကို ဝါးလုံးတားပြီ လမ်းဖြတ်သန်းခ ၅၀၀ ပိုက်ဆံကောက် တွေ့ရစဉ်

” ဆိုင်ကယ်အပ်ခက တစ်စီးတစ်ထောင်ပေးရတယ် ၊ ဈေးကြီးပေမဲ့ ပေးရတာကိုလက်ခံလို့ရသေးတယ် ၊ ဒါပေမဲ့အခုဟာက ဖြတ်သွားဖြတ်လာလုပ်နေတဲ့လမ်းကို ဝါးလုံးတားပြီး လမ်းဖြတ်သန်းခ ၅၀၀ ပိုက်ဆံကောက်တာကတော့ ဘယ်လိုမှမဖြစ်သင့်ဘူး ၊ ပြသနာရှိလာနိုင်တယ် ” ဟုဆိုသည်။

ကယားဒေးကိုနှစ်ပေါင်း သုံးဆယ်ကျော်ဖြတ်သန်းလာပြီးဖြစ်တဲ့ ထေးသမရပ်ကွက်နေ ဒေသခံ ခူးမီရယ်က အခုလိုလမ်းပိတ်ပြီး ပိုက်ဆံတောင်းနေတာဟာ အရင်တုန်းကအခြေအနေထက်ပိုဆိုးလာနေပြီး အထိမ်းအမှတ်ပွဲတော်ထက် ငွေကြေးရှာဖွေသည့် စီးပွားရေးပွဲတော်ဆန်လာနေသည်ဟုဆိုသည်။

” အခုပွဲလုပ်နေပုံက အထိမ်းအမှတ်ပွဲနဲ့မတူတော့ဘူး၊ ဟိုနားလဲပိုက်ဆံတောင်း၊ ဒီနားလဲပိုက်ဆံတောင်း၊ ရောင်းချနေတဲ့ ရိုးရာအစားအသောက်တွေကလဲဈေးကြီးဆိုတော့ စီးပွားရေးပွဲလိုဖြစ်နေတယ် ” ဟုပြောသည်။

ဝါးလုံးတားပြီးပိုက်ဆံကောက်သူများမှာ မည်သူမည်ဝါဖြစ်သည်ကို သိရှိနိုင်ဖို့ သက်ဆိုင်ရာတာဝန်ရှိသူကို KnIC မှ ဆက်သွယ်ခဲ့သော်လည်း တာဝန်ရှိသူမှာဖုန်းပိတ်ထားသည့်အတွက် ဆက်သွယ်မေးမြန်း၍မရခဲ့ပါ။

ဝါးလုံးတားပြီးပိုက်ဆံကောက်နေသူများမှာ ဆိုင်ကယ်တစ်စီးကို ၅၀၀ ကျပ် နှင့် ကားငယ်များကို ၁၀၀၀ ကျပ် တောင်းခံနေပြီး လမ်းဖြတ်သန်းခအနေနှင့် တောင်းခံနေကြောင်းသိရသည်။

ကယားဒေးပွဲကို ယခင်စစ်အစိုးရလက်ထက်က ပွဲကန်ထရိုက်များကိုပေးပြီး ကျင်းပလေ့ရှိကြောင်းသိရသည်။

ယခုကျင်းပနေသည့် ၆၇ နှစ်မြောက်ကယားပြည်နယ်နေ့ကို မည်ကဲ့သို့သောအစီအစဉ်ဖြင့် ကျင်းပသည်ကိုမူ မသိရှိရသေးကြောင်းလည်းသိရသည်။

(အများပိုင်လမ်းတွင်ဝါးလုံးတားပြီး ပိုက်ဆံကောက်နေသူများအားတွေ့ရစဉ်)

Photo Credit – Original Uploader

Leave a Reply

Your email address will not be published. Required fields are marked *